ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးထားတဲ့ “Now & Ever” ရုပ်ရှင်မှာ ဒေါက်တာ မျိုးကိုအဖြစ် ပါဝင်ခဲ့သူ သရုပ်ဆောင် မင်းညိုကတော့ သူ့ကို ပရိသတ်တွေက ဒေါက်တာလို့ ခေါ်ကြတဲ့အတွက် ပျော်တယ်လို့ ဆိုပါတယ်။
“ပရိသတ်တွေက နာမည်တောင် မခေါ်ဘဲ ဒေါက်တာ၊ ဒေါက်တာနဲ့ ခေါ်တဲ့အတွက် ပျော်ပါတယ်။ သူတို့စိတ်ကျေနပ်ရင် ကျနော်တို့ ကြိုးစားရကျိုးနပ်တယ်။ တချို့လည်း အားမရဘူးပေါ့။ မျက်လုံးကြီးက ကြောင်စီစီနဲ့ ကျောက်ရုပ်လိုပဲ ကြည့်ရတာ အဆင်မပြေဘူးလို့ ပြောကြတယ်။ ကြိုက်တဲ့သူလည်း ရှိတယ်၊ မကြိုက်တဲ့သူလည်း ရှိတယ်။ အားပေးကြတဲ့သူတွေ ရှိတာကတော့ ကျနော့်အတွက် ဝမ်းသာရတာပေါ့”လို့ သရုပ်ဆောင် မင်းညိုက ပြောပါတယ်။
ဆက်လက်ပြီး မင်းညိုက ဒေါက်တာ မျိုးကို ကာရိုက်တာကို သူ့အနေနဲ့ သဘောကျတယ်လို့ ဆိုပြီး ဒီ ကာရိုက်တာကို သရုပ်ဆောင်စဉ်မှာလည်း စိတ်လုံခြုံမှု ရှိတယ်လို့ ဆိုပါတယ်။
“ကျနော့်ကိုယ် ကျနော် ကြည့်ချိန်မှာ မျိုးကို,ကို ကြိုက်တယ်။ မျိုးကို ကာရိုက်တာ အေးချမ်းတယ်။ တည်ငြိမ်တယ်။ သူ့ဘေးကသူတွေကို အရမ်းချစ်တယ်။ သူငယ်ချင်းနဲ့ သူငယ်ချင်း အမျိုးသမီးကြားမှာ ကြားထဲမှာ နေပေးရတဲ့သူပေါ့။ ကျနော့်ကိုယ် ကျနော် ပြန်ကြည့်ရင်တော့ စိတ်လုံခြုံမှု ရှိတယ်။ ကိုဇဏ်ခီဆီကလည်း အတုယူစရာတွေ အများကြီးရှိတယ်။ ကိုဇဏ်ရော၊ မခရစ္စကော သင်ပေးပါတယ်”လို့ မင်းညိုက ဧရာဝတီကို ပြောပါတယ်။
ဒီဇာတ်ကား ရုံတင်ပြသပြီး သိပ်မကြာခင်မှာ ဇာတ်ကားတကားလုံးကို Review ရေးသားမှုများ၊ Spoiler လုပ်တာမျိုးတွေ မဖြစ်စေချင်ဘူးလို့လည်း မင်းညိုက ဆိုပါတယ်။
“Spoiler လုပ်တာတော့ မဖြစ်စေချင်ဘူး။ ဒါပေမဲ့ တယောက်ချင်းစီကို လိုက်ပြီးတော့ ပြောလို့ မရဘူးလေ။ ကျနော်တို့ စေတနာတော့ ကျနော်တို့ အကျိုးပေးမှာပါ။ သူတို့ စိတ်စေတနာ အကျိုးလည်း သူတို့ ပြန်ခံစားရမှာပါ”လို့ မင်းညိုက ပြောပါတယ်။
“Now & Ever” ရုပ်ရှင် အဖွဲ့သားတွေက မြို့ကြီးတွေမှာ အမှတ်တရ လက်မှတ်ရေးထိုးမှုများ ပြုလုပ်နေပြီး မင်းညိုရဲ့ ဇာတိမြို့၊ မိတ္ထီလာမြို့မှာ လက်မှတ်ရေးထိုးစဉ်က စိတ်ခံစားချက်ကိုလည်း အခုလိုပဲ ပြောပါတယ်။
“ကျနော် မိတ္ထီလာမြို့ကို လက်မှတ်ထိုးရတော့ ပျော်တာပေါ့။ တော်တော်များများကတော့ မိတ္ထိလာသားမှန်း မသိကြဘူး။ ဒါပေမယ့် အရမ်းအားပေးကြလို့ ပျော်ပါတယ်”လို့ ဆိုပါတယ်။ “Now & Ever” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ဖို့ ရွေးချယ်ခံခဲ့ရပုံကိုလည်း မင်းညိုက ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။
“Now & Ever (ထာဝရနှောင်ကြိုး) သရုပ်ဆောင်ခေါ်ကတည်းက ဒါရိုက်တာ ခရစ္စတီးနားခီ ဖြစ်တဲ့အတွက် ဒီသရုပ်ဆောင် လူရွေးပွဲက သရုပ်ဆောင် ဝါသနာပါတဲ့သူတွေအနေနဲ့ ပါကိုပါဝင်ရမယ့် အကြီးမားဆုံး အခွင့်အရေး ဖြစ်တယ်။ ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ဆိုရင် အတွေ့အကြုံသစ်တွေရမယ် ဆိုတာလည်း သိတော့ ကျနော်လည်း အခွင့်အလမ်းကောင်း တခုကို ပါဝင်ခဲ့တယ်။ အရွေးခံရတယ်”
“ဆရာဝန် ကာရိုက်တာအတွက် အရွေးခံရချိန်မှာ စိတ်ဖိစီးမှုတော့ ဖြစ်တယ်။ တာဝန်လည်းကြီးတယ်။ ကျနော်တို့နဲ့ လက်ပွန်းတတီးလည်း မရှိတော့ အလှမ်းဝေးတယ်။ မခရစ္စက စိတ်ကျန်းမာရေးလို့ ကျနော့်ကို ပြောချိန်မှာ ဒီကာရိုက်က အစ်မတောင် ရွေးချယ်သေးတာပဲ။ ကျနော်လည်း အကောင်းဆုံးကြိုးစားမယ်ဆိုတဲ့ စိတ်နဲ့ ကာရိုက်တာအတွက် စိတ်ကျန်းမာရေး ဆရာဝန်တွေနဲ့ လေ့လာတယ်”
“ပြင်သစ်က အိုက်တင် နည်းပြနဲ့ ၂ ပတ် လေ့ကျင့်ပေးတယ်။ Youtube တွေလည်း ကြည့်တယ်။ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စာတွေလည်း ဖတ်တယ်။ ဒေါက်တာ မျိုးကို ဖြစ်အောင် အပြင်မှာပါ အဝတ်အစားပုံစံတွေပါ ပြောင်းဖြစ်တယ်။ ဘာသာရေးတွေလည်း ပိုလုပ်ဖြစ်တယ်။ အပြင်မှာပါ ဘားတွေ၊ အပြင်တွေ မသွားဖြစ်တော့ဘဲ အိမ်ထဲမှာပဲ နေခဲ့တယ်။ အကောင်းဆုံးတော့ ကြိုးစားခဲ့ပါတယ်”လို့ မင်းညိုက ဧရာဝတီကို ပြောပါတယ်။
ဒါရိုက်တာ ခရစ္စတီးနာခီ ရိုက်ကူးတဲ့ “Now & Ever” (ထာဝရနှောင်ကြိုး) ရုပ်ရှင်ကားကိုတော့ အောက်တိုဘာ ၃၁ ရက်နေ့မှာ စတင် ရုံတင်ပြသခဲ့ပြီး လက်ရှိမှာလည်း ရုံတင်ပြသဆဲပါ။ ဒီကားမှာတော့ သရုပ်ဆောင် ဇဏ်ခီ၊ ပိုင်ဖြိုးသု၊ မင်းညို၊ ဂျူဂျူးကေ၊ ခင်သဇင်နဲ့ အခြားသရုပ်ဆောင်များ ပါဝင်ထားပါတယ်။
You may also like these stories:
“Now & Ever” ရုပ်ရှင်က ပေးတဲ့ Message က အရမ်းကောင်းတယ်လို့ ဝတ်မှုံရွှေရည် ပြော
“Now & Ever” ရုပ်ရှင် ရိုက်ကူးရင်း ခံစားခဲ့ရတဲ့အကြောင်း ပြောပြတဲ့ ပိုင်ဖြိုးသု
“Now & Ever” က ရှေ့ဆက်မယ့် လမ်းခရီးအတွက် ဝမ်းစာဖြစ်တယ်လို့ ဂျူးဂျူးကေ ပြော
“Now & Ever” ရုပ်ရှင်အတွက် ဇာတ်ဝင်တေး ၆ ပုဒ် ကိုယ်တိုင် ဖန်တီးထားတဲ့ ဇဏ်ခီ