မကြာသေးခင် ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌရာထူးကနေ ဇင်ဝိုင်း နုတ်ထွက်သွားပြီးနောက် ဒါရိုက်တာ ညီညီထွန်းလွင်ကို ဥက္ကဋ္ဌ ရာထူးအဖြစ် လုပ်ကိုင်ဆောင်ရွက်တဲ့ပေါ် သရုပ်ဆောင် ခန့်စည်သူက အခုလိုပဲ ပြောပါတယ်။
“ဦးဇင်ဝိုင်းက သူလုပ်သင့်လုပ်ထိုက်တာတွေ အများကြီး လုပ်သွားတယ်။ ရုပ်ရှင်ဥပဒေတွေ ပေးလာအောင် သူကြိုးစားခဲ့တယ်။ ရုံတင်ပြသရေး စနစ်တွေလည်း အတော်အသင့် ပြေလည်အောင် ကြိုးစားပေးခဲ့တယ်။ ဦးဇင်ဝိုင်းရဲ့ကြိုးစားမှုလည်း အသိအမှတ် ပြုရမယ်။ ဦးဇင်ဝိုင်း နုတ်ထွက်တာက ကျနော်တို့ သိလောက် အလုပ်နဲ့ ပတ်သက်ပြီး ဖိစီးမှု အရမ်းများတယ်။ စိတ်ရော ကိုယ်ပါ ထည့်လုပ်တာလည်း ရှိတယ်”
“ဦးညီညီထွန်းလွင်ဆိုရင်လည်း ကျနော်တို့နဲ့ ဇာတ်ကားတွေ အများကြီး ရိုက်ခဲ့ဖူးလို့ သူ့ရဲ့ စိတ်ရင်းစေတနာကိုလည်း သိတယ်။ ရိုးသားပြီး ရုပ်ရှင်ကို ချစ်မြတ်နိုးတဲ့သူ တယောက်ပေါ့။ ဦးညီ လုပ်ကိုင်နေတဲ့အတွက် ကျနော်တို့က ကန့်ကွက်စရာ မရှိဘူး။ ကျနော်တို့ အနေနဲ့က လက်ခံပေးလို့ ရပါတယ်”လို့ ခန့်စည်သူက ပြောပါတယ်။
ဆက်လက်ပြီး ခန့်စည်သူက ရုပ်ရှင်လောကသားတွေ အားလုံး အဆင်မပြေ ဖြစ်နေချိန်မှာ ရုပ်ရှင် အစည်းအရုံးက ဘာတွေလုပ်ပေးနိုင်မလဲဆိုတဲ့ အဖြေကို သိချင်တယ်လို့လည်း ဆိုပါတယ်။
“ရုပ်ရှင်အစည်းအရုံးနဲ့ ပတ်သက်ရင် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲမှာလည်း ရုပ်ရှင်သမားတွေ သိပ်မတွေ့ရဘူး။ ဘုံကထိန်ဆိုလည်း မတွေ့ရဘူး။ ကြာလာရင် ရုပ်ရှင်အစည်းအရုံး သရဲခြောက်မှာတောင် ကြောက်ရတယ်။ အားလုံးကလည်း အဆင်မပြေဖြစ်နေချိန်မှာ ရုပ်ရှင်အစည်းအရုံးက ဘာလုပ်ပေးနိုင်မလဲ အဖြေကိုတော့ သိချင်နေတယ်”
“ရုပ်ရှင်လောကသားတွေ အဆင်ပြေပြေလေး ဖန်တီးပေးနိုင်မယ့်၊ စီးပွားရေး နားလည်မယ့်၊ အနုပညာကို ချစ်မြတ်နိုးသူတယောက် ပေါ်လာမယ်ဆိုလည်း ကျနော်တို့ အာလုံးက လက်ခံရမှာပါ”လို့ ခန့်စည်သူက ပြောပါတယ်။
ခန့်စည်သူက မကြာခင် ရုံတင်မယ့် “ကျော်ကြားနှင့် အမွှေစိန် ဝိညာဉ်” ဇာတ်ကားမှာလည်း ပါဝင်ထားပြီး ဒီဇာတ်ကားနဲ့ ပတ်သက်လို့ အခုလိုပဲ ပြောပါတယ်။
“ကျနော် ဒီကျော်ကြားနဲ့ အမွှေစိန် ဝိညာဉ် ဇာတ်ကားမှာ ကျနော်က မြို့ကလာတဲ့ ဓာတ်ပုံဆရာပေါ့။ ရွာလေးတရွာကို ရောက်လာတယ်။ ရွာလေးမှာ ဖြစ်ပျက်ခဲ့တာကို ရိုက်ကူးထားတဲ့ ကားလေးပေါ့။ ကျနော်တို့ ပြန်ကြည့်ချိန်မှာတော့ ကျနော်တို့ ဟာသ Plot တွေ ရွေးချယ်မှု မှန်တယ်လို့တော့ ထင်တယ်။ ဟာသမှာ နှစ်မျိုးပေါ့။ တမျိုးက Current (လက်ရှိ ရေပန်းစားနေတဲ့) ဟာသပေါ့။ နောက်တခုက အပြ ဟာသပေါ့”
“Current ဟာသဆိုရင်တော့ ချက်ချင်းရုံတင်ရင်တော့ Current နဲ့ ကိုက်ညီမှုရှိလို့ တကယ် ရယ်ရပါတယ်။ ချက်ချင်း ရုံတင်ခွင့် မရဘူး။ အချိန်ကြာသွားရင်တော့ လုံးဝ မရယ်ရတာမျိုး ဖြစ်သွားတတ်ပါတယ်။ ဒီကားလေးကို လာကြည့်ရင် အချိန်၂ နာရီအတွင်းမှာပဲ ပျော်ရွှင်သွားမယ်။ ဘဝအမောတွေ ပြေသွားမယ်ဆိုရင် ဖန်တီးရကျိုး နပ်ပါတယ်”လို့ ခန့်စည်သူက ပြောပါတယ်။
ခန့်စည်သူဟာ ၂၀၀၈ ခုနှစ်တုန်းက “အများနှင့် မသက်ဆိုင်သောသူ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ “အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု”ကို ရရှိထားသူ ဖြစ်ပါတယ်။ လက်ရှိမှာလည်း “မေတ္တာသိင်္ဂဟ” အသင်းကို ဦးဆောင်ပြီး ပရဟိတအလုပ်တွေ လုပ်ဆောင်နေပါတယ်။
ဒါရိုက်တာ သိန်းဟန် (ဖီးနစ်) ရိုက်ကူးပြီး သရုပ်ဆောင် ခန့်စည်သူ၊ ခင်လှိုင်၊ နေဒွေး၊ ရွှေမှုံရတီ၊ တက္ကသိုလ်ဂွမ်းပုံ၊ ခြူးလေးနဲ့ အခြားသရုပ်ဆောင်များစွာ ပါဝင်တဲ့ “ကျော်ကြားနှင့် အမွှေစိန် ဝိညာဉ်” ဇာတ်ကားကို နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ရုံတင် ပြသသွားမယ်လို့ သိရပါတယ်။
You may also like these stories:
“ဥက္ကဋ္ဌနေရာ ဘယ်သူပဲတက်တက် တကယ်အလုပ်လုပ်တဲ့သူ ဖြစ်ဖို့ အရေးကြီးတယ်”
ရုပ်ရှင်နှစ် ၁၀၀ ပြည့်အတွက် “မေတ္တာသင်္ဂဟ” အဖွဲ့မှ အလှူများလုပ်သွားမယ်လို့ ခန့်စည်သူ ပြော
အားလုံးက မေတ္တာရပ်ခံတာကြောင့် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ယူပေးတဲ့ ညီညီထွန်းလွင်