မင်းသား Chris Evans ဟာ သရုပ်ဆောင်အလုပ်ကနေ နုတ်ထွက်နိုင်မယ့်လမ်းကို အမြဲတမ်း ရှာဖွေနေခဲ့ တယ်လို့ သိရပါတယ်။ “Avengers: Endgame” စတား မင်းသား Chris က သူဟာ သူရဲ့အနုပညာ အလုပ်ကို ချစ်ပေမယ့် ၂ လ တကြိမ် ဟောလိဝုဒ်ကနေ ထွက်ခွာချင်နေခဲ့တယ်လို့ ဆိုပါတယ်။
သူဟာ ဆယ်စုနှစ်နဲ့ချီ ကြာခဲ့ပြီဖြစ်တဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတခုကို ပြောင်းလဲဖို့ စဉ်းစားနေတယ်လို့လည်း ဆိုပါတယ်။ မင်းသားက “၂ လကို တကြိမ် ကျနော်ဟာ သရုပ်ဆောင်အလုပ်ကို ရပ်ဖို့ ဆုံးဖြတ်မိတယ်။ အဲ့ဒါဟာ ဆယ်စုနှစ်နဲ့ချီပြီး ရှိခဲ့တဲ့ ကျနော့်ရဲ့ ပိုင်ဆိုင်မှုလည်း ဖြစ်ပါတယ်။ နုတ်ထွက်ဖို့ အမြဲတမ်း ရှာဖွေနေတယ်။ ဒါပေမယ့် ကျနော်က သရုပ်ဆောင်ရတာကို ချစ်ပါတယ်”လို့ ဆိုပါတယ်။
အသက် ၃၈ နှစ်အရွယ်မင်းသားဟာ ၂၀၀၁ ခုနှစ်မှာ “Not Another Teen Movie” နဲ့ ပွဲဦးထွက်ခဲ့သူဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Fantastic Four” ရုပ်ရှင်နဲ့ နာမည် ထင်ရှားလာသူ ဖြစ်ပါတယ်။
Marvel Cinematic Universe လို့ခေါ်တဲ့ MCU မှာ Captain America အနေနဲ့ ပါဝင်ရာကနေ အောင်မြင်ခဲ့ပြီးတဲ့နောက် Apple TV+ ကနေ ထုတ်လွှင့်မယ့် Defending Jacob စီးရီးမှာ နောက်ဆုံးအနေနဲ့ ပါဝင်ထားသူလည်း ဖြစ်ပါတယ်။
Actors on Actors အစီအစဉ်မှာ မင်းသား Chris နဲ့ တွဲဖက် သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသမီး Scarlett Johansson က ‘Cap’ အဖြစ် ပြန်လည် သရုပ်ဆောင်နိုင်ချေနဲ့ ပတ်သက်လို့ သူ့ကို မေးမြန်းခဲ့ပါတယ်။
မင်းသား Chris က “ ဘယ်တော့မှ သရုပ်မဆောင်တော့ဘူးလု့ိတော့ ပြောလို့မရဘူး။ ဒီဇာတ်ကောင်ကို ကျနော်ချစ်တယ်။ ခက်ခဲတယ်ဆိုတာတော့ မရှိပါဘူး။ ထို့အတူ ကျနော်က စွဲလမ်းနေတာမျိုးလည်း မရှိပါဘူး။ အခုအချိန်မှာ လုပ်နေတဲ့ တခြားအရာတွေလည်း ရှိပါတယ်။ အခုတော့ Cap ကို သူ့ရဲ့ ခရီးလမ်းအပြီးသတ်ခဲ့နိုင်အောင် အကောင်းဆုံး လုပ်ခဲ့ပြီးပြီလို့ ထင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
မင်းသားကတော့ အနာဂတ်မှာ သရုပ်ဆောင်လုပ်ရမယ်ဆိုရင်တော့ ဆန်းသစ်တဲ့ ရုပ်သံစီးရီးတဲ့ အွန်လိုင်း ဗီဒီယိုကြည့် ဝန်ဆောင်မှုတွေကနေ ပြသတဲ့ စီးရီးတွေမှာ ပါဝင်လာနိုင်မယ်လို့ ယုံကြည်ထားပါတယ်။
မင်းသားက “အခုတော့ ရုပ်သံဘက်လှည့်ပြီ။ တချို့ဖန်တီးထားတဲ့ အတွေးအကြံတွေက ပိုလွတ်လပ်တယ်။ တခါတလေ စတူဒီယိုကနေ ထုတ်လိုက်တဲ့ ရုပ်ရှင်တွေကိုတောင် လွှမ်းမိုးသွားတယ်။ ရုတ်တရက် ဆိုသလိုပဲ မူရင်းတွေးကြံထားတဲ့ အတွေးတွေက လူတွေကို လွှမ်းမိုးထားတာတွေအပေါ် အရည်ဖျော်ချလိုက်သလိုပဲ။ ပြီးတော့ တစုံတယောက်အကြိုက် ရုပ်ရှင် မဟုတ်ဘဲ အားလုံးကြိုက်ရတဲ့ ရုပ်ရှင်ဖြစ်လာတယ်။
ဒါကြောင့် လူတွေက လမ်းကြောင်းပြောင်းလာပြီး ဆန်းသစ်တီထွင်မှုတွေရှိတဲ့ အွန်လိုင်းဗီဒီယိုကြည့်ဝန်ဆောင်မှုလိုမျိုး အရာတွေဆီ ခြေဦးလှည့်လာတာဖြစ်မယ်လို့ ထင်တယ်။ ပြီးတော့ ရုပ်ရှင်ထုတ်လုပ်တဲ့ ပုံစံဟာလည်း ဖန်တရာ တေလာပြီ။ ပိုပြီး ရင်းနှီးလွယ်တဲ့ အရာတွေဆီ လမ်းသစ်ရှာဖွေဖို့ ကြိုးစားရမယ်။ ဒါကြောင့် လွတ်လပ်မှုကို ရရှိနိုင်မယ်လို့ စဉ်းစားပြီး ပြကွက်တခုအတွင်းမှာ အချိန်အပိုင်းအခြားတွေကို အကောင်းဆုံး အသုံးချနိုင်မယ့်အရာကို ရှာဖွေလာတာလို့ ထင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
မင်းသားဟာ ကမ္ဘာပေါ်မှာ အနုပညာကြေး အကောင်းဆုံး မင်းသားတယောက်ဖြစ်သလို ၂၀၁၄ ခုနှစ်မှာ “Before We Go” ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးပြီး ဒါရိုက်တာတဦးအနေနဲ့ ပွဲဦးထွက်ခဲ့သူ ဖြစ်ပါတယ်။
Ref: asiaone