နာမည်ကျော် ကာတွန်းရုပ်ရှင်ဖြစ်တဲ့ “The Little Mermaid” ကို Live-Action အဖြစ် ပြန်လည် ရိုက်ကူးမယ့် ရုပ်ရှင်မှာ Prince Eric အဖြစ် ဗြိတိသျှမင်းသား Jonah Hauer-King ပါဝင်လာတော့မှာ ဖြစ်ပါတယ်။
သတင်းတွေမှာ မင်းသားဟာ Disney ရဲ့ Live-Action ရုပ်ရှင်အသစ်မှာ Prince Eric အဖြစ် ပါဝင်တော့မှာဖြစ်တယ်လို့ ဖော်ပြကြပေမယ့် မင်းသားဘက်ကရော စတူဒီယိုဘက်ကရော အတည်ပြု တုံ့ပြန်တာမျိုး မရှိသေးပါဘူး။ ET မီဒီယာကတော့ Walt Disney စတူဒီယိုကို ဆက်သွယ်ဖို့ ကြိုးပမ်းနေပါတယ်။
အဆိုတော်၊ မင်းသား Harry Styles က အဲ့ဒီဇာတ်ရုပ်မှာ ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့တဲ့နောက် ၃ လအကြာမှာပဲ အခုလိုမျိုး မင်းသား Hauer-King ရဲ့ သတင်းထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ “The Face” မီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ မင်းသားစတိုင်က ရေသူမလေး Ariel အဖြစ် မင်းသမီး Halle Bailey သရုပ်ဆောင်မယ့် အဲ့ဒီရုပ်ရှင်မှာ မပါဝင်ဖြစ်တဲ့အကြောင်းကို ပြောဆိုခဲ့ပါတယ်။
“ဆွေးနွေးခဲ့ပြီးပါပြီ။ ကျနော်က ဂီတဘက်ကိုပဲ အာရုံစိုက်ချင်ပါတယ်။ ဒါပေမယ့် အဲ့ဒီရုပ်ရှင်မှာ ပါဝင်မယ့်သူတွေက ထူးခြားပါတယ်။ ဒါကြောင့် တော်တော်လေးကို ကောင်းမွန်မယ့်ရုပ်ရှင်လို့ ကျနော် ထင်ပါတယ်။ ကျနော်လည်း အဲ့ဒါကို ပျော်ပျော်ကြီး စောင့်ကြည့်မှာပါ။ အတည်ပြောတာပါ”လို့ Harry Styles က ဆိုပါတယ်။
အသက် ၂၄ နှစ်အရွယ် မင်းသား Hauer-King ဟာ အခုရုပ်ရှင်အတွက် ဒါရိုက်တာ Rob Marshall နဲ့အတူ လန်ဒန်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့တုန်းက Screen Test စစ်ဆေးမှု ၂ ကြိမ်ကို ခံယူခဲ့ပြီး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ပြုလုပ်ခဲ့တဲ့ တိုရွန်တို နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ မင်းသား Hauer-King နဲ့ စာရေးသူ Luke Doyle တို့ဟာ လာမယ့် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ရုံတင်မယ့် ဒုတိယကမ္ဘာစစ်ပွဲ နောက်ခံ “The Song Of Names” ရုပ်ရှင်အတွက် ပြောဆိုဆွေးနွေးမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။
အမေရိကန်နဲ့ ယူကေနှစ်နိုင်ငံသား ခံယူထားတဲ့ မင်းသား Jonah Hauer-King ဟာ ၂၀၁၇ ခုနှစ်တုန်းက “The Last Photograph” ရုပ်ရှင်နဲ့ ပွဲဦးထွက်လာခဲ့သူဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာ ထွက်ရှိခဲ့တဲ့ “A Dog’s Way Home” ရုပ်ရှင်မှာလည်း ပါဝင်ထားပါတယ်။
“The Little Mermaid” ရုပ်ရှင်မှာ တခြားပါဝင်လာမယ့် သူတွေကတော့ ရေဘဝဲစုန်းမကြီး Ursula အဖြစ် မင်းသမီး Melissa McCarthy၊ King Triton အဖြစ် မင်းသား Javier Bardem နဲ့ ကဏန်းလေး Sebastian အဖြစ် Daveed Diggs တို့ ပါဝင်ကြမှာဖြစ်ပါတယ်။
Ref: etcanada