Entertainment

ဇာတ်လမ်းတွေ ရှိပေမယ့် ထိထိရောက်ရောက် သီချင်း မရေးတတ်သေးတဲ့ ဝိုင်းစုခိုင်သိန်း

Want create site? Find Free WordPress Themes and plugins.

မကြာခင်မှာ တကိုယ်တော် သီချင်းအခွေအသစ် ထွက်ရှိလာတော့မယ့် ဝိုင်းစုခိုင်သိန်းကတော့ သီချင်းများကို ရေးပေးတဲ့ ချစ်သူ အောင်လ အနေနဲ့ သူ့ကို သီချင်းရေးတာနဲ့ ပတ်သက်ပြီး သင်ပေးပေမယ့် ထိရောက်တဲ့ သီချင်းစာသားများကို မရေးတတ်သေးဘူးလို့ ပြောပါတယ်။

“ဇာတ်တွေ အများကြီးရှိပေမယ့် ဝိုင်းစုက မရေးတတ်ဘူး။ မရေးတတ်တော့ သူ့ကိုပြောလိုက်ရင် ဘယ်စာသား ထည့်လိုက်ရင် ဘယ်လိုဆိုတာကို သူကတော့ သင်ပေးတယ်။ ကိုယ်ကတော့ မရေးတတ်သေးဘူး။ ဇာတ်လမ်းပြောပြတတ်တာ။ ကြည့်လိုက်ရင်သာ မိန်းကလေး စာသားအနုအရွတွေ မထွက်ဘူး”

“တေးရေးဆရာတွေက နူးနူးညံ့ညံ့နဲ့ သူတို့လို မရေးတတ်သေးဘူး။ ရေးလို့မဖြစ်ဘူးလားဆိုတော့ မဟုတ်ဘူး။ ထိထိရောက်ရောက်ဖြစ်မယ့် စကားလုံးမျိုးကို မရေးတတ်သေးဘူး”လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။

သီချင်းအတွက် ဇာတ်လမ်းအကြောင်းအရာတွေကိုတော့ ပြောပြဖို့အတွက် အမြဲရှိနေတတ်ပြီး တေးရေးဆရာများလို အနုအရွများနဲ့ နူးနူးညံ့ညံ့မရေးတတ်ဘူးလို့ ဆိုပါတယ်။

“သီချင်းရေးတဲ့နေရာမှာ အရင်တုန်းကတော့ နားထောင်သူတယောက်အနေနဲ့ပေါ့။ ကိုဖိုးကာတို့ ကိုရွှေတို့ပြရင် ဒါလေး ကောင်းတယ်၊ မကောင်းဘူးလောက်ပဲ သိတာ။ တကယ်တမ်းရေးတဲ့အခါမှာ ကိုအောင်လနားနေတော့ ကိုယ်ထည့်ချင်တဲ့ စာသားက ရင်ဘတ်ထဲကို တန်းပြီးတော့ ထိချင်မှ ထိမယ်။ တန်းပြီးထိတဲ့ စာသားရှိတယ်။ မထိတဲ့စာသား ရှိတယ်။ သာမန်ကာ လျှံကာရှိတယ်” လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။

မကြာခင်မှာ ပရိသတ်နားဆင်ရတော့မယ့် “နွားကျောင်းသူ” အခွေမှာတော့ ရည်းစားဟောင်းနဲ့ ပတ်သက်တဲ့ သီချင်းများ ပါဝင်ပြီး အရင်နဲ့မတူတဲ့ ပုံစံတမျိုးကို ပရိသတ်များ နားဆင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

“Ex အကြောင်းဆိုတာက ဝိုင်းစုက တယောက်နဲ့ တယောက် ခံစားချက် မတူတဲ့အပေါ်မှာ တေးရေးဆရာကို အပ်တယ်ဆိုရင် ကိုဖိုးကာကိုဆို ဇာတ်လမ်း ၂ မျိုး ၃ မျိုး ပြောလေ့ ရှိတယ်။ သူက ဂစ်တာတီးလိုက်ရင် ဝိုင်းစုက ဇာတ်လမ်း ရသွားပြီ။ အမှန်တော့သူက စန္ဒရား တီးနေတဲ့အချိန်မှာ ဝိုင်းစုက ဒီလိုလေး ရေးပေးပါလားဆိုပြီး သွားအပ်လိုက်တာ”

“ဝိုင်းစုက အရုပ်ဘက်ကလာတဲ့သူ ဆိုတော့ ဇာတ်လမ်းကိုသွားသွားပြီး စဉ်းစားတယ်။ ဇာတ်ညွှန်းပြောပြသလို ပြောလိုက်တာကို ရေးပေးလိုက်တာ” လို့ ဝိုင်းစုခိုင်သိန်းကပြောပါတယ်။

ဒီအခွေရဲ့ နာမည်နဲ့ သီချင်းစာသားတွေကိုတော့ အောင်လက ရေးသားထားတာဖြစ်ပြီး ဝိုင်းစုခိုင်သိန်းကတော့ အကြောင်းအရာကိုသာ ပြောပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အမှန်တော့ Title ရော သီချင်းစာသားတွေရော သူရေးလိုက်တာ။ ဝိုင်းစုကကျတော့ အကြောင်းအရာကိုပဲ ပြောပြတတ်တာ အကြောင်းအရာကို ဘယ်လိုမျိုးလိုချင်တယ်ဆိုတာကိုပဲ ပြောပြတတ်တာ။ တကယ် သီချင်းစာသားရော ခေါင်းစဉ်ပေးတာရောကျတော့ သူလုပ်တာ”လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။

သီချင်းတွေကိုတော့ အမျိုးသမီးတယောက်ဖြစ်တာကြောင့် အမျိုးသမီးများဘက်ကသာ ရပ်တည်ထားပြီး ဘယ်သူ့ကိုမှ ထိခိုက်စေတဲ့စိတ်နဲ့ မဟုတ်ဘဲ တယောက်ယောက်နဲ့ တိုက်ဆိုင်သွားရင်တော့ ပျော်ရတယ်လို့ ဆိုပါတယ်။

“အမျိုးသမီးဆိုတော့ အမျိုးသမီးထုဘက်က ရပ်တည်ရမှာပေါ့နော်။ ဘယ်သူ့ကိုမှ ထိခိုက်စေချင်တဲ့ စိတ်မဟုတ်ပါဘူး။ တယောက်ချင်းစီရဲ့ခံစားချက် ဥပမာ ဝိုင်းစုနားကို Fan တွေ လာရင်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့သီချင်းနဲ့ တယောက်ယောက် တိုက်ဆိုင်သွားရင် အရမ်းပျော်တာ” လို့ ဝိုင်းစုခိုင်သိန်းကပြောပါတယ်။

ဝိုင်းစုခိုင်သိန်းကတော့ တချိန်က သရုပ်ဆောင်တယောက်အနေနဲ့ လုပ်ခဲ့ပေမယ့် အခုအချိန်မှာတော့ အဆိုတော် တယောက်အနေနဲ့သာ ပရိသတ်အတွက် သီချင်းအသစ်များကို အမြဲတမ်းဖန်တီးပေးလျက်ရှိပါတယ်။

You May Also Like These Stories :

“ဂီတကို သေတဲ့အထိ လုပ်ကိုင်သွားမယ်”လို့ ဝိုင်းစုခိုင်သိန်း ပြော

ဆံပင်အတု တပ်ရတာ မကြိုက်လို့ ခေါင်းတုံးနဲ့ပဲ ပွဲတက်ဖြစ်နေတဲ့ ဝိုင်းစုခိုင်သိန်း

ဇာတ်ကား မရိုက်ဖြစ်တာ ၅ နှစ်ရှိပြီဆိုတဲ့ ဝိုင်းစုခိုင်သိန်း

Did you find apk for android? You can find new Free Android Games and apps.
Loading