သရုပ်ဆောင် နေဒွေးက ရဲဝန်ထမ်းများနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွဲတခုကို ကမ်းလှမ်းခံထားပြီး ဒီထဲမှာတော့ ဗီလိန် ကာရိုက်တာနဲ့ မြင်တွေ့ရမှာဖြစ်တယ်လို့ သိရပါတယ်။
“ကျနော် လောလောဆယ် ဇာတ်လမ်းတွဲတခု လက်ခံထားတယ်။ ကျနော့်ကို ကမ်းလှမ်းထားတာ။ ကော့သောင်း သူဌေးကျွန်းမှာ ဒီလထဲ သွားရိုက်ဖို့ ရှိပါတယ်။ ကာရိုက်တာက ရဲ မဟုတ်ဘူး။ မင်းသား ၂ လက် ပါမယ်။ တယောက်က ရဲကာရိုက်တာနဲ့ နောက်တယောက်က သူဌေးကျွန်းကနေ လူကုန်ကူးတာ။ ဒီမြန်မာနိုင်ငံမှာရှိတဲ့ မိန်းကလေးတွေကို လူကုန်ကူးတယ်။ သူဌေးကျွန်းတကျွန်းလုံးကို ပိုင်တယ်”
“အရမ်းချမ်းသာတဲ့ လူတယောက်၊ အလှူအတန်းတွေ အရမ်းလုပ်တယ်။ သူ့ကို မထင်ရဘူး။ ရဲကားဖြစ်တဲ့အတွက် ရဲကာရိုက်တာကို လုပ်တာထက်စာရင် ဟိုဘက် ဗီလိန်ကို ကျနော် လုပ်ချင်တယ်။ ဒါကြောင့်ဟိုဘက်ကို ရွေးလိုက်တယ်” လို့ နေဒွေးကပြောပါတယ်။
ဒီကားထဲမှာတော့ အဓိကဇာတ်ကောင်အနေနဲ့ မင်းသား ၂ယောက် အားပြိုင်ရမှာဖြစ်ပြီး သူလက်ခံခဲ့တဲ့ ကာရိုက်တာကတော့ အလှုပ်ဇာတ်ရုပ် ဖြစ်တာကြောင့် ရွေးချယ်ခဲ့တာလို့ သိရပါတယ်။
“မင်းသား ၂ ယောက် အပြိုင်သွားတာ။ ဒီဘက်မှာက ကျနော့်ဟာက အလှုပ်ပေါ့။ ဟိုဘက်မှာက ရဲဖြစ်တဲ့အတွက် လူဆိုးကို လိုက်ဖမ်းမယ့်ဟာပဲ။ ဒါပေမယ့် ကျနော် ကြိုက်တာက ရဲကားက ကျနော် ရိုက်ဖူးတယ်။ မင်းသားတယောက် အနေနဲ့ ရဲကာရိုက်တာကို မြင်ဖူးတယ်။ အလှုပ် ရိုက်ချင်တာ။ ဇာတ်ဖတ်ကြည့်တော့ ဟိုဘက် ကာရိုက်တာက တော်တော်မိုက်တယ်” လို့ နေဒွေးက ပြောပါတယ်။
ရဲကားတွေကိုလည်း အရင်က ရိုက်ဖူးခဲ့ပြီး ရဲကာရိုက်တာနဲ့လည်း သရုပ်ဆောင်ခဲ့ဖူးတာကြောင့် ဗီလိန်ကာရိုက်တာကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဗီလိန်ဇာတ်ရုပ်ကလည်း လုပ်လေ့လုပ်ထရှိတဲ့ ဇာတ်ရုပ်တခုဖြစ်ပြီး ပရိသတ် အမြင်ဆန်းစေမယ့် ဇာတ်ရုပ်တွေကို ရိုက်ဖြစ်တယ်လို့ သိရပါတယ်။
“ဗီလိန်ကတော့ လုပ်လေ့လုပ်ထ ရှိပါတယ်။ ကျနော်က ဇာတ်ကြိုက်ရင်ပေါ့။ ဟိုးအရင်တုန်းက ကိုမင်းမော်ကွန်းနဲ့ တွဲတဲ့ကားတွေမှာဆို တချို့ကားတွေ ဗီလိန်လုပ်ဖြစ်တာ များတယ်။ ကိုမြင့်မြတ်တို့နဲ့ တွဲတဲ့ကားဆိုရင်လည်း ဗီလိန်လေးတွေ ရိုက်ဖြစ်တယ်။ အဓိကက ပရိသတ်အမြင်ဆန်းစေမယ့် ဟာလေးပေါ့။ အမြင် ဘယ်လိုရှိမလဲ ဆိုတာလေး” လို့ နေဒွေးက ပြောပါတယ်။
နေဒွေးကတော့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် ဒါရိုက်တာ သိန်းဟန် (ဖီးနစ်) ရိုက်ကူးတဲ့ “ကျော်ကြားနှင့် အမွှေစိန် ဝိညာဉ်” ဆိုတဲ့ ရုပ်ရှင်ကားထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။