ချစ်စရာကောင်းတဲ့ ရုပ်ရည်ကြောင့် ပရိသတ်ချစ်ခင်မှု ရရှိထားတဲ့ သရုပ်ဆောင် ခြူးလေးကတော့ ယခုလက်ရှိ MRTV-4 ရုပ်သံလိုင်းမှာ ပြသနေတဲ့ “နွေလယ်ညရဲ့လမင်း” ဇာတ်လမ်းတွဲမှာတော့ အမြင်ကတ်စရာကောင်းတဲ့ ဗီလိန် မိန်းကလေးတယောက်အနေနဲ့ သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
“ကျရာ ဇာတ်ရုပ်ကိုတော့ သရုပ်ဆောင်ရတာပေါ့။ ဟာသ ဇာတ်ရုပ်ကတော့ အားနည်းနေသေးတယ်။ လက်ရှိ ဇာတ်လမ်းတွဲကတော့ ဗီလိန်အနေနဲ့ ပြနေပြီပေါ့။ အပိုင်း ၁ မှာတင် ဖြတ်ရိုက်ချင်တယ်ဆိုတဲ့ ကောမန့်တွေ့ပြီး တော်တော်ကို ကြောက်နေပါပြီ။ နောက်ထပ် ပရိသတ်တွေ ဘယ်လိုပြောဦးမလဲဆိုတာ နားထောင်နေတယ်”
“ခြူးလေးကတော့ လောလောဆယ် ဒရာမာနဲ့ ပေါက်ကျော် ကာရိုက်တာတွေကတော့ ပရိသတ်ကြိုက်နေတာလေးတွေပေါ့” လို့ သရုပ်ဆောင် ခြူးလေးက ပြောပါတယ်။
ဒီဇာတ်လမ်းတွဲပြသပြီး အပိုင်း ၁ မှာပင် ဇာတ်ရုပ်ကြောင့် မုန်းတီးခံခဲ့ရပြီး သူမအနေနဲ့ကတော့ မတူညီတဲ့ပုံစံနဲ့ အကောင်းဆုံးဖြစ်အောင်ကြိုးစားထားတယ်လို့ ဆိုပါတယ်။
“ဒီကားကို လက်မခံခင်မှာတော့ တွေဝေတာပေါ့နော်။ ဒါပေမယ့် ရိုက်တော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားတယ်။ ခါတိုင်းနဲ့ မတူတဲ့ အိုက်တင်ကို သွားချင်တဲ့အတွက် မျက်လုံးတွေ အကြည့်တွေကိုပဲ အသားပေးပြီး စကားနည်းနည်းပဲပြောပြီး သရုပ်ဆောင်ထားပါတယ်။ လျော့မှာတော့ စိုးရိမ်မိပါတယ်” လို့ ခြူးလေးက ပြောပါတယ်။
ဇာတ်ရုပ်အတွက် အိုက်တင် မကျွံစေဖို့အတွက်လည်း ကြိုးစား သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
“ဒီကားလေးနဲ့လိုက်ဖက်မယ့် ဗီလိန်မျိုး လုံးဝ မကျွံသွားဘဲနဲ့ ပေါ့ပေါ့ပါးပါးနဲ့ ကိုယ်မှန်တယ် ထင်တာကို ကိုယ့်အမှန်တရားကို လက်ခံထားတာက တဖက်လူအတွက်က ယုတ်မာတဲ့ ပုံစံမျိုးဖြစ်နေတဲ့ စတိုင်မျိုးနဲ့ပဲ သွားထားတာပါ။ သက်သက်ကြီး ယုတ်မာတာမျိုး မဟုတ်ဘဲနဲ့လေ”လို့ ခြူးလေးက ပြောပါတယ်။
ခြူးလေးကတော့ “နွေလယ်ညရဲ့လမင်း” ဇာတ်လမ်းတွဲထဲမှာတော့ လှပသလောက် မာနကြီးပြီး လောဘကြီးကာ သစ္စာမဲ့တဲ့ “စိုးနန္ဒာ” ဆိုတဲ့ အမျိုးသမီးနေရာက သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
ရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့လည်း နိုဝင်ဘာလ ၁၄ရက်နေ့မှာတော့ ခြူးလေး ပါဝင် သရုပ်ဆောင်ထားတဲ့ “ ကျော်ကြားနှင့် အမွှေစိန် ဝိညာဉ်” ဆိုတဲ့ ဟာသကား ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
လာမယ့် ၂၀၂၀ မှာလည်း ရုပ်ရှင်ကားကြီးများနဲ့ ဇာတ်လမ်းတွဲအသစ်လည်း ရိုက်ဖို့ရှိပြီး နောက်နှစ်ထဲမှာဆိုရင်လည်း မျှော်မှန်းထားတဲ့ ရုပ်ရှင်ကားကြီးတကား ရုံတင်ဖို့ရှိတယ်လို့ သိရပါတယ်။