“ဝဲ” သီချင်းနဲ့ ပရိသတ်နှစ်သက်အားပေးခြင်းခံခဲ့ရတဲ့ အဆိုတော် Mary ကတော့ မကြာခင်မှာ သူမရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “အဟောင်း” ဆိုတဲ့ကားကို ရိုက်ကူးတော့မှာဖြစ်တယ်လို့ သိရပါတယ်။
“အဓိက ကတော့ အချိန်ပေါ့နော်။ အရင်တုန်းကတော့ ကမ်းလှမ်းလာတာလေးတွေရှိတယ်။ Mary ကအနုပညာလောက ထဲရောက်တာလည်း အသစ်စက်စက်၊ သရုပ်ဆောင်လည်း မလုပ်တတ်သေးဘူး။ Music Video လေးတွေ ကြော်ငြာလေး တွေရိုက်ဖို့ရှိတယ်။ ဒီအချိန်မှာ စိန်ခေါ်မှုတခုလုပ်ချင်တယ်”
“ Mary ကအနုပညာမှာဆိုရင်အကုန်လုံးကို ဝါသနာပါတယ်။ ရူးသွပ်တယ်။ အဲ့အတွက်ကြောင့် ပြီးတော့ Mary ကြော်ငြာ လေးတခုမှာ သရုပ်ဆောင်တာသဘောကျတယ်။ အဲ့အတွက်ကြောင့် လုပ်ဖြစ်သွားတာပါ” လို့ Mary ကပြောပါတယ်။
ပထမဆုံးရိုက်တဲ့ ရုပ်ရှင်ဖြစ်တာကြောင့် ပရိသတ်တွေမထင်မှတ်ထားတဲ့ ပုံစံမျိုးနဲ့ထွက်လာမှာဖြစ်တယ်လို့ သိရပါတယ်။
“ကာရိုက်တာကတော့ ပထမဆုံးဇာတ်ကားဖြစ်တဲ့အတွက် ပရိသတ်တွေမထင်မှတ်ထားတဲ့ ဇာတ်လမ်းနဲ့ ထွက်လာဖို့ ရှိပါတယ်။ ပထမဆုံးသရုပ်ဆောင်တာဖြစ်တဲ့အတွက် လိုအပ်ချက်တွေ အများကြီးရှိတယ်။ တခြားအနုပညာရှင်တွေရဲ့ သရုပ်ဆောင်မှုအပိုင်းမှာ လေ့လာသင်ယူစရာရှိတာတွေကို Mary အတတ်နိုင်ဆုံးကြိုးစားတယ်”
“ အဓိကကတော့ Mary ပြင်ဆင်တာကတော့ စိုးရိမ်စိတ်ပေါ့နော်။ ရိုက်ကွင်းမှာ အိုက်တင်ပိုင်းကောင်းလား မကောင်းလားဆိုတာကို အရမ်းတွေးတယ်။ အဲဒါတွေကိုဖယ်ပြီးတော့ အိုဗာမဖြစ်အောင် လိုတာလည်းမဖြစ်ရအောင် သဘာဝဆန်အောင် သရုပ်ဆောင်သွားချင်တယ်” လို့ Mary ကပြောပါတယ်။
အခုလိုရုပ်ရှင်ရိုက်မယ့်အကြောင်းကိုတော့ Mary ကသူ့ပရိသတ်တွေကို မပြောရသေးဘဲ သိတဲ့ပရိသတ်တချို့ကတော့ အားပေးသလို သီချင်းတွေမဆိုတော့မှာကိုလည်း စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
“Mary ပရိသတ်တွေကတော့ တချို့သိတာတော့ သိပါတယ်။ Mary Page မှာလည်း မကြေညာရသေးဘူး။ တချို့ပရိသတ် တွေက အံ့သြတယ်။ Mary တကယ်ကြီးလား တကယ်ပါမှာလား အားပေးမယ်။ တချို့ကျတော့လည်း Mary သီချင်းမဆို တော့ဘူးလားလို့ ပြောတဲ့ပရိသတ်တွေရှိတယ်”
“ အဲ့အတွက်ကြောင့် ပရိသတ်တွေကို အထင်မလွဲစေချင်ဘူး။ Mary သီချင်းအပေါ်မှာ သစ္စာမရှိတော့ဘူးလား သီချင်းမဆိုတော့ဘူးလား အဲ့လိုမဟုတ်ပါဘူး။ သီချင်းကို အဓိကအနေနဲ့ လုပ်သွားမှာပါ” လို့ Mary ကပြောပါတယ်။
သီချင်းကိုတော့ အဓိကလုပ်သွားမှာဖြစ်ပြီး သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး တာဝန်ယူနိုင်တဲ့ သရုပ်ဆောင်နိုင်တာမျိုး တွေပဲ လုပ်သွားချင်တယ်လို့ သိရပါတယ်။
“အဓိကကတော့ ပထမဆုံးဇာတ်ကားမှာ Mary ကြိုးစားချင်တယ်။ နောက်ပိုင်းကတော့ နောက်ကိစ္စပေါ့။ ကိုယ့်ဟာနဲ့ ကိုယ် မလုပ်နိုင်ဘဲနဲ့ အတင်းကြီးလည်း ရှိသမျှကားရိုက်မယ်တို့ တတ်နိုင်ရင်တတ်နိုင်သလောက်ဆိုတာမျိုးကြီးလည်း မလုပ်ချင်ဘူး။ ကိုယ်တာဝန်ယူနိုင်တယ်။ ကိုယ်သရုပ်ဆောင်နိုင်တဲ့ဟာတွေပဲ လုပ်ချင်တယ်” လို့ Mary ကပြောပါတယ်။
ဒီကားကတော့ Mary အတွက် စိန်ခေါ်မှုကြီးမားသလို ဒီစိန်ခေါ်မှုတွေကို ဘယ်လိုမျိူးအကောင်းဆုံးတုန့်ပြန်ရမလဲဆိုတာကို ကိုယ့်ကိုယ်ကိုရင်ခုန်နေပြီး စီနီယာသရုပ်ဆောင်များဆီကလည်း သင်ယူသွားမယ်လို့ ပြောပါတယ်။
Mary ပါဝင်သရုပ်ဆောင်သွားမယ့် “အဟောင်း” ရုပ်ရှင်ကားကိုတော့ ဒါရိုက်တာ သီဟစိုးကရိုက်ကူးသွားမှာဖြစ်ပြီး သရုပ်ဆောင်များအဖြစ် ကျော်ကျော်ဗို ၊ အောင်ရဲထိုက် ၊ ပိုင်ဖြိုးသု ၊ Mary ၊ မြင်စိုင်းသားအောင်အောင် နှင့် တခြားသောအနုပညာရှင်များက ပါဝင်သွားမှာဖြစ်ပါတယ်။
You May Also Like This Story :
တယောက်တည်းဖြစ်နေတဲ့အချိန် နားထောင်ပါဆိုတဲ့ Mary ရဲ့ “သန်းခေါင်ယံ အတွေးများ”