သြစတြေးလျနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းတလျှောက်မှာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် အော်စကာ ဆုရမင်းသား Russell Crowe ပိုင်ဆိုင်တဲ့ ကျေးလက်ဒေသပိုင်ဆိုင်မှုထဲက အဆောက်အဦ၂လုံး ပျက်စီးသွားတယ်လို့ မင်းသားက နိုဝင်ဘာလ ၁၃ ရက်မှာ Twitter ကနေ ပြောဆိုခဲ့ပါတယ်။
အသက် ၅၅ နှစ်အရွယ် မင်းသားဟာ သူရဲ့ခြံစည်းရိုးနဲ့ ကားလမ်းမအနီး မီးခိုးတွေထွက်နေတဲ့ သစ်ပင်တွေကို ရေဖြန်းပေးနေတဲ့ ရဟတ်ယာဉ်တစီးရဲ့ ပုံရိပ်တွေကို သူရဲ့ Twitter အကောင့်မှာ တင်ခဲ့တာဖြစ်ပါတယ်။
မင်းသား Crowe က လောလောဆယ်မှာတော့ သူဟာ သြစတြေးလျမှာ ရှိမနေဘဲ အဲ့ဒီမှာရှိနေတဲ့ သူ့ရဲ့ မိသားစုကတော့ သူငယ်ချင်းတွေနဲ့အတူ ဘေးကင်းပါတယ်လို့ အတည်ပြုထားပြီးဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံရဲ့ ပူအိုက်တဲ့ နွေရာသီကာလတွေမှာ တောမီးလောင်ကျွမ်းမှုက ပုံမှန် ဖြစ်ပေါ်လေ့ရှိပေမယ့် သုံးနှစ်ကြာ မိုးခေါင်ရေရှားမှုနောက်ပိုင်းဖြစ်ပေါ်လာတဲ့ ခြောက်သွေ့ မှု အခြေအနေတွေကြောင့် ဒီနှစ်မှာတော့ မီးလောင်ကျွမ်းမှုက ခပ်စောစော ဖြစ်ပေါ်လာရတာလို့ဆိုပါတယ်။ တောမီးကြောင့် လူ ၃ ဦးသေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
မင်းသား Crowe တင်ထားတဲ့ပို့စ်မှာတော့ နယူးဆောက်ဝေးလ်ပြည်နယ် အရှေ့မြောက်ပိုင်းမှာ ရှိတဲ့သူ့ရဲ့ ခြံဝန်းထဲက မြေပြင်နဲ့ တခြားအရာဝတ္ထုတွေမှာ မီးလောင်ကျွမ်းထားခဲ့ပုံတွေကို မြင်တွေ့ရပါတယ်။
မင်းသား Crowe က “အဆောက်အဦ၂လုံး ဆုံးရှုံးခဲ့ရတယ်။ ဒါပေမယ့် ခြုံပြောရရင် ကံကောင်းပါတယ်။ ဘုရားရှိခိုးကျောင်း ခေါင်းမိုးလည်း မီးစွဲခဲ့ရတယ်” လို့ပြောဆိုခဲ့ပါတယ်။ မင်းသားကတော့ မြေပြင်မှာ မီးငြိမ်းသတ်ပေးနေသူတွေ ကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပြီး မွေးမြူရေးတိရိစ္ဆာန်နဲ့ မြင်းတွေ သေဆုံးခဲ့ခြင်းမရှိဘူးလို့ ပြောဆိုထားပါတယ်။
မင်းသားက “ကြက်လေးတွေကို အပြင်ထွက်ခိုင်းပြီး သူတို့ပြန်လာတဲ့ အချိန်မှာ ပူနွေးနေတဲ့ တီကောင်လေးတွေက မနက်စာဖြစ်ခဲ့ရပြီ” လို့ Twitter မှာ ရေးခဲ့ပါတယ်။
မင်းသားဟာ အဲ့ဒီခြံကို ၁၉၉၉ ခုနှစ်မှာ ဝယ်ယူခဲ့တာဖြစ်ပြီး အဲ့ဒီနောင်ပိုင်းမှာ နယ်မြေဧကရာနဲ့ချီပြီး ထပ်မံ ဝယ်ယူခဲ့ ပါတယ်။ သူဟာ အဲ့ဒီဒေသက ခြံကို ဒေါ်လာ ၇ သိန်းခွဲနဲ့ ဝယ်ယူခဲ့ပြီး တခြားမီးသင့်ခဲ့တဲ့ ဒေသဖြစ်တဲ့ Nymboida ဒေသမှာရှိတဲ့ မြေဧက ၄၀၀ ကျော်ကိုလည်း ဒေါ်လာ ၅ သန်းနဲ့ ဝယ်ယူခဲ့ပါသေးတယ်။
ကမ္ဘာကျော် “Gladiator” ရုပ်ရှင်ထဲက မင်းသား Crowe ဟာ ဟောလိဝုဒ် အောင်မြင်ခြင်းလမ်းမထက်မှာ ကြယ်ပွင့်နဲ့ ဂုဏ်ပြုခံထားရသူ တဦးလည်း ဖြစ်ပါတယ်။
Ref:cna