Entertainment

“အနုပညာနဲ့ပတ်သက်ရင် လိပ်ပြာလုံဖို့ အရေးကြီးတယ်”လို့ ကျော်ကျော်ဗို ပြော

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် ကျော်ကျော်ဗိုကတော့ ရုပ်ရှင်ဇာတ်ကားများရိုက်ကူးရာမှာ အခုနောက်ပိုင်း စိစစ်ရိုက်ကူးလာတယ်လို့ ဆိုပြီး အနုပညာနဲ့ပတ်သက်ရင် လိပ်ပြာလုံဖို့အရေးကြီးပြီး ပရိသတ်အရှေ့မှာ လိပ်ပြာလုံလုံနဲ့အနုပညာကိုချပြနိုင်ရင် လုပ်ရတဲ့ အလုပ်အထမြောက်တယ်လို့ ပြောပါတယ်။

“လူတိုင်းက ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာပါပဲ။ လူ့ဘဝတိုတိုလေးမှာ ကျနော်လည်း ကျနော့်အလုပ်ကျနော်လုပ်တယ်။ အဓိကကတော့ အနုပညာအလုပ်လုပ်တယ်။ ကျနော့်အနုပညာနဲ့ ပတ်သက်လို့ ကျနော်လိပ်ပြာလုံဖို့ပဲအရေးကြီးတယ်။ ပရိသတ်တွေရှေ့မှာ လိပ်ပြာလုံလုံနဲ့ ကျနော့်အနုပညာကို တင်ပြနိုင်တယ်ဆိုရင် ဒါဟာကျနော့်ဘဝမှာလုပ်ရတဲ့အလုပ် အထမြောက်တယ်။ ကျနော်ကျေနပ်တယ်။ ဒါပါပဲ”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။

ပြောင်းလဲမှုတခုပြုလုပ်ဖို့အတွက် သတ္တိတခုလိုအပ်ပြီး ကိုယ့်တန်ဖိုးကိုယ်မြှင့်လိုက်တဲ့အတွက် ကိုက်ညီတဲ့အလုပ်များက ရောက်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

“အဓိကကတော့ ပြောင်းလဲရဲတဲ့သတ္တိရှိဖို့ လိုတယ်။ ကိုယ့်အတ္တနဲ့ကိုယ်ပေါ့။ ကိုယ့် ကွာလတီကိုယ်မြင့်တာပေါ့။ ကိုယ့်ရဲ့ တန်ဖိုးကိုယ်မြင့်လိုက်တော့ ကိုယ်နဲ့တန်ဖိုးသင့်တဲ့အရာတွေနဲ့ ပူးပေါင်းရတဲ့သဘောတော့ရှိသွားတာပေါ့”

“ ကိုယ့်တန်ဖိုးကိုယ်မြင့်တယ်ဆိုတာ ကိုယ့်ရဲ့အနုပညာတန်ဖိုးနဲ့ ဖန်တီးမှုကို တဆင့်မြင့်လိုက်တာပေါ့။ အဲဒါနဲ့ကိုက်ညီ တဲ့ထုတ်လုပ်မှုလေးတွေကတော့ ကိုယ်နဲ့ပူးပေါင်းဖြစ်တဲ့ သဘောဖြစ်သွားတာပေါ့” လို့ ကျော်ကျော်ဗိုကပြောပါတယ်။

ခေတ်အခြေအနေအပေါ်မူတည်ကာ ပြောင်းလဲမှုတခုကို လုပ်ရမှာဖြစ်ပြီး ပြောင်းလဲရမှာကြောက်နေပါက သူများအပြောခံရမှာဖြစ်တယ်လို့ ပြောပါတယ်။

“ပြောင်းလဲလိုက်တာဆိုပေမယ့် နဂိုတုန်းကဟာတွေကိုလည်း မရိုက်လို့မဟုတ်ပါဘူး။ အဲ့ခေတ်အဲ့အခါတုန်းကလည်း မကောင်းဘူးလို့ ကျနော်မပြောပါဘူး။ ကောင်းပါတယ်။ လုပ်ခဲ့ကြတယ်။ ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့်ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အခြေအနေနဲ့အပေါ်မှာ လိုက်လျောညီထွေနဲ့ ချိုးကွေ့နိုင်ရမယ်”

“ အဲ့အချိုးအကွေ့ကို ကျနော်တို့ ကြောက်နေလို့တော့မရဘူး။ ကြောက်နေရင်တော့ ကျနော်တို့ သူများအပြောခံရမှာပဲ။ ကျနော်တို့ကိုယ့်အနုပညာအတွက် ကိုယ့်ဖန်တီးမှုအတွက်တော့ ကြောက်နေလို့တော့မရဘူး။ ရဲရဲတင်းတင်း ပြောင်းလဲဖို့လိုတယ်” လို့ ကျော်ကျော်ဗိုကပြောပါတယ်။

ဆက်လက်ပြီး “ကျနော်ဖန်တီးမယ့်အနုပညာကို ကျနော်ကိုယ်တိုင်ရင်ခုန်ရမယ်။ ကျနော်ကိုယ်တိုင် စိတ်ဝင်တစားရှိရမယ်။ ပြီးတော့ ဖန်တီးပြီးရင်သက်သေပြရမယ့် ပရိသတ်တွေရဲ့နှစ်ထောင်းအားရဖြစ်မှုအတွက် ကျနော်တို့မျှော်လင့်နိုင်ရမယ်။ အဲ့လိုမျိုးကိုကျနော်တို့ရွေးချယ်တာပါ” လို့ ပြောပါတယ်။

မိုဘိုင်းဖုန်းတလုံးရှိရုံနဲ့ နာမည်ကြီးအောင်လုပ်လို့ရတဲ့ခေတ်မှာတော့ အဓိကကတော့ လုပ်ရမယ့်အလုပ်မှာ စိတ်ကျေနပ်မှု ရှိနေဖို့အရေးကြီးတယ်လို့ ပြောပါတယ်။

“တချို့ကတော့ နာမည်ကြီးချင်တာမျိုးတော့ရှိမှာပေါ့။ အခုခေတ်ကလည်း ဖုန်းလေးပေါ်မှာ တခုခုတင်လိုက်တာနဲ့ နိုင်ငံကျော်သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ အခါအခွင့်သင့်ရင် နိုင်ငံကျော်သွားနိုင်တာလည်းရှိတယ်ဆိုတော့ မြေစမ်းခရမ်းပျိုး ပြီး အောင်မြင်ဖို့အတွက် နေ့တဓူဝတော့ ကြံစည်အားထုတ်နေကြတာပါပဲ”

“ အဓိကကတော့ နာမည်ကြီးဖို့မကြီးဖို့ထက် ကိုယ်လုပ်ရမယ့်အလုပ်က စိတ်ကျေနပ်မှုရှိနေဖို့က အရေးကြီးပါတယ်။ ကျနော်တို့က ထာဝရရှင်သန်နေမှာမဟုတ်တဲ့အတွက် သေဆုံးကြရမှာဖြစ်တာကြောင့် ကျနော်တို့ဘာချန်ခဲ့မလဲဆိုတာက အဓိကကျပါတယ်” လို့ ကျော်ကျော်ဗိုကပြောပါတယ်။

ကျော်ကျော်ဗိုကတော့ မကြာခင်မှာ Mystery ဆန်တဲ့ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “အဟောင်း” ဆိုတဲ့ကားကို အောင်ရဲထိုက် ၊ ပိုင်ဖြိုးသု ၊ Mary ၊ မြင်စိုင်းသားအောင်အောင် နှင့် တခြားသောအနုပညာရှင်များနဲ့အတူ သရုပ်ဆောင်သွားမှာဖြစ်ပြီး ဒီထဲမှာတော့ ပိုင်ဖြိုးသုနဲ့ ဇနီးမောင်နှံအဖြစ် အိမ်ထောင်ကျပြီးတဲ့နောက် ဖြစ်ပျက်ကြတဲ့အကြောင်းအရာများကို ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading