ရိုက်ကူးထုတ်လုပ်ဖို့အတွက် အချိန်ကာလများစွာ စောင့်ဆိုင်းခဲ့ရတဲ့ “Black Adam” ရုပ်ရှင်ကိုတော့ မကြာခင် မြင်တွေ့ရဖို့ ရှိနေပါတယ်။ The Rock လို့ သိကြတဲ့ မင်းသား Dwayne Johnson ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့က သူ့ရဲ့ Instagram အကောင့်မှာ ရုပ်ရှင်အတွက် ပထမဆုံး ပိုစတာကို ဝေမျှခဲ့ပါတယ်။
အဲ့ဒီ ဓာတ်ပုံထဲမှာတော့ အနက်ရောင်နဲ့ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ မင်းသား Johnson ရဲ့ ပထမဆုံးဇာတ်ကောင် ပုံရိပ်ကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။ သူဟာ လေထဲလွင့်မျောနေပြီးတော့ သူ့ရဲ့ မျက်လုံးတွေဟာလည်း စူပါပါဝါတွေနဲ့ တောက်ပနေတာ ဖြစ်ပါတယ်။
နပန်းသမားကနေ မင်းသားဖြစ်လာခဲ့တဲ့ မင်းသား Johnson က “Man in Black၊ ကလေးအများစု ကြီးပြင်းခဲ့သလိုပဲ။ စူပါဟီးရိုးတယောက်ဖြစ်ဖို့ အမြဲအိပ်မက် မက်ခဲ့ရတယ်။ အရမ်းမိုက်တယ်။ စူပါပါဝါတွေ ရှိပြီးတော့ အမှန်တရားနဲ့ လူတွေကို ကာကွယ်ဖို့ တိုက်ခိုက်ရမယ်”လို့ ပုံစာရေးခဲ့ပါတယ်။
နှစ်ပေါင်းများစွာ စူပါမန်းကို စံပြတယောက်အနေနဲ့ သတ်မှတ်ထားတဲ့ မင်းသားကတော့ စူပါမန်းဟာ သူဘယ်တော့မှ ဖြစ်မလာနိုင်မယ့် ဟီးရိုးတယောက်ဖြစ်တယ်ဆိုတာကို တနေ့မှာ သဘောပေါက်လာခဲ့တယ်လို့ ဆိုပါတယ်။
မင်းသားက “ကျနော်က သိပ်ကို ကလန်ကဆန် လုပ်တယ်။ ဆူညံပူညံလုပ် တတ်တယ်။ အစဉ်အလာနဲ့ အမိန့်ပေးတာကို လက်ခံဘူး။ ဒါပေမယ့် ကျနော်က နှလုံးသားလှတဲ့ ကလေးတယောက်အနေနဲ့ ရှိနေဆဲပါတယ်။ ကျနော့်နည်း ကျနော့်ဟန်အတိုင်း လုပ်ရတာ ကြိုက်ပါတယ်”
“နောက်နှစ်တွေကြာတော့ လူကြီးတယောက် ဖြစ်လာခဲ့တယ်။ ကလေးတယောက် ဖြစ်ခဲ့တုန်းကလို တူညီတဲ့ DNA နဲ့ပေါ့။ ကျနော့် စူပါဟီးရိုး အိပ်မက်တွေက အမှန်ဖြစ်ခဲ့ပါတယ်။ ကျနော်ဟာ သမိုင်းဝင် DC ကမ္ဘာမှာဂုဏ်ယူစွာနဲ့ ပါဝင်ခွင့်ရခဲ့တယ်။ Black Adam ဖြစ်လာရတာ တကယ့်ကိုပဲ စစ်မှန်တဲ့ ရတနာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
သူပါဝင်သရုပ်ဆောင်မယ့် ဇာတ်ကောင်နဲ့ပတ်သက်လို့ မင်းသားက “Black Adam ဟာ စူပါမန်းနဲ့ တူညီတဲ့ စွမ်းအားနဲ့ မှော်စွမ်းအင်တွေနဲ့ ကောင်းချီးပေးခံထားရပါတယ်။ ဒါပေမယ့် သူဟာ လမ်းကြောင်းမှန်ကို မလျှောက်ခဲ့ဘူးဆိုတဲ့ မတူညီမှုတော့ ရှိပါတယ်။ သူဟာ ကလန်ကဆန် လုပ်တတ်ပေမယ့် လူတွေအတွက် မှန်ရာကို အမြဲလုပ်လေ့ရှိသူဖြစ်ပါတယ်” လို့ ရေးခဲ့ပါတယ်။
အမှန်တရားနဲ့ တရားမျှတမှုအတွက် Black Adam ရောက်လာမှာဖြစ်ပြီး သူ့အနုပညာသက်တမ်း တလျှောက်လုံးမှာ သရုပ်ဆောင်ခဲ့တာတွေနဲ့ မတူတဲ့ဇာတ်ရုပ်ဖြစ်တဲ့အကြောင်း ရေးသားခဲ့ပါတယ်။
ဒါ့အပြင် ရုပ်ရှင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ မင်းသားရဲ့ အဆိုအရ ရုပ်ရှင်ထုတ်လုပ်ရေးကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လမှာ စတင်မယ်လို့ သိရပါတယ်။
Ref: aceshowbiz