“Now and Ever” ဇာတ်ကားထဲမှ ရိုမန့်တစ်ဖြစ်ကာ ချစ်သူရဲ့ချစ်ခြင်းကိုခံရတဲ့ ဝတ်မှုံဆိုတဲ့ ကာရိုက်တာကို ထပ်တူကျအောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ ပိုင်ဖြိုးသုကတော့ သူမရဲ့ အပြင်လက်တွေ့ဘဝမှာတော့ ရှိတာလေးနဲ့ ကြိုးစားပြီးပျော်အောင်နေတယ်လို့ ပြောပါတယ်။
“အားကျတာမျိုးတော့ မရှိပါဘူး။ ကိုယ့်ဘဝနဲ့ ကိုယ်ပေါ့နော်။ လူဆိုတာ တယောက်နဲ့ တယောက် တူမှ မတူတာ။ ဝတ်မှုံကကျတော့ ဝတ်မှုံဘဝလေးနဲ့ ဝတ်မှုံ၊ သုသုကလည်း သုသုဘဝနဲ့ သုသု၊ သုသုရဲ့ရုန်းကန်မှုနဲ့ သုသုပဲ ဆိုတော့ အားကျတာမျိုးတော့ မရှိဘူး။ သုသုက ကိုယ့်မှာရှိတာလေးနဲ့ ကြိုးစားပြီးပျော်အောင်နေတယ်” လို့ ပိုင်ဖြိုးသုက ပြောပါတယ်။
Now and Ever ထဲမှ ဇဏ်ခီပြောတဲ့စကားများကို လူတော်တော်များများက သဘောကျနေကြပြီး ဒီစကားလေးတွေကတော့ ဇာတ်ညွှန်းထဲမှာမပါဘဲ ပြောဖြစ်သွားတာဟာ ဇာတ်ကောင် စရိုက်စိတ်ဖြစ်သွားကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
“မိန်းကလေးတိုင်းလိုလိုက ချစ်သူမှ မဟုတ်ဘူး။ အိမ်ထောင်ဖက်မှ မဟုတ်ဘူး။ မိန်းကလေး ယောကျ်ားလေးမှ မဟုတ်ပါဘူး။ သူတို့စိတ်ဓာတ်ကျနေတဲ့ အချိန်တွေဆိုရင် ကိုယ့်ကိုချစ်တဲ့သူ မေတ္တာရှိတဲ့သူ သံယောဇဉ်ရှိတဲ့သူတယောက်က ကိုယ်ရှိတယ်၊ ကျနော်ရှိတယ် ဆိုတဲ့စကားက အရမ်းကို အားရှိတဲ့စကားပါ”
“Now and Ever ကြည့်ပြီးတဲ့သူတွေက အဲ့စကားကို ကြိုက်တယ်ဆိုတဲ့စကား တော်တော်များများက ဇာတ်ညွှန်းထဲမှာကြိုရေးထားတာ မဟုတ်ဘဲနဲ့ တကယ် အဲ့ဇာတ်ကောင်စရိုက်စိတ် ဖြစ်သွားတဲ့အချိန်မှာ ပြောလိုက်တဲ့ စကားလေးတွေပေါ့” လို့ ပိုင်ဖြိုးသုက ပြောပါတယ်။
ပိုင်ဖြိုးသုရဲ့အကောင့်မှာတင်ထားတဲ့ Profile Picture နဲ့ Cover Photo မှာ ခင်ပွန်းဖြစ်သူနဲ့ ဒါရိုက်တာဏကြီးနဲ့ပုံနှင့် Now and Ever ပိုစတာကို တင်ထားတာနဲ့ ပတ်သက်ပြီးတော့လည်း Facebook မှာ ဟာသတခုအနေနဲ့ Troll တာတွေ ရှိနေတဲ့အပေါ်လည်း ပြောပြခဲ့ပါတယ်။
“အဲဒါကလည်း လူတိုင်းပြောကြတယ်။ သုသုက သတိမထားမိဘူး။ ရုပ်ရှင်တင်တော့ ပရိုမိုးရှင်းပေါ့နော်။ ရုပ်ရှင်ရဲ့ပုံလေးကို အမြဲတင်ပေးနေကျဆိုတော့ ကိုယ့်ရဲ့ Profile Picture ကို ထာဝရနှောင်ကြိုးပုံတင်ထားလိုက်ရော”
“ဟိုတလောကမှ သူငယ်ချင်းတယောက်က Chat box ကနေ အရမ်းရယ်ရတယ်ဆိုပြီး လာပို့တော့မှဟုတ်သားပဲဆိုပြီး Profile ကတယောက် Cover မှာတယောက်ဖြစ်နေတာပေါ့။ Profile က ဝတ်မှုံပေါ့။ Cover ကတော့ သုသုပေါ့” လို့ ပိုင်ဖြိုးသုက ပြောပါတယ်။
ခင်ပွန်းဖြစ်သူကလည်း Now and Ever နဲ့ပတ်သက်ပြီး မီဒီယာများရှေ့မှာ ချီးကျူးတာနဲ့ နောက်ကွယ်မှာ ချီးကျူးတာဟာ တူတူပဲဖြစ်တယ်လို့ ခင်ပွန်းဖြစ်သူရဲ့ ချီးကျူးခြင်းကို ခံရတဲ့အကြောင်းကိုပြောခဲ့ပါတယ်။
“ကိုဏကြီးက မီဒီယာရှေ့မှာပြောလည်း ဒီစကားပဲ။ နောက်မှာပြောလည်း ဒီစကားပဲ။ သူကစိတ်ထဲရှိတဲ့အတိုင်း အမြဲပြောတဲ့ သူဆိုတော့ သူသဘောကျတယ်။ Now and Ever ကိုရုပ်ရှင်အနေနဲ့လည်း သဘောကျတယ်။ အဓိကက သုသုနဲ့ ကိုဇဏ်ကြားထဲမှာရှိတဲ့ Chemistry ကို တော်တော် သဘောကျတယ်”
“ အပေးအယူဆိုတာမျိုး မဟုတ်တော့ဘဲနဲ့ တကယ့်အပြင်က ကောင်လေးနဲ့ကောင်မလေး စုံတွဲလိုဖြစ်တယ်ဆိုတာကိုတော့ တော်တော်လေးကိုချီးကျူးတယ်” လို့ ပိုင်ဖြိုးသုက ပြောပါတယ်။
ပိုင်ဖြိုးသုကတော့ မကြာခင်မှာလည်း “အဟောင်း” ဆိုတဲ့ Mystery ဆန်တဲ့ရုပ်ရှင်ဇာတ်ကားနဲ့ ဒါရိုက်တာ ဏကြီးရဲ့ ဒုတိယမြောက်ရုပ်ရှင်တို့ကို ရိုက်ကူးသွားဖို့ရှိပြီး ဒီရက်ပိုင်းအတွင်းမှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ “ဗိုလ်နေတိုး” ဆိုတဲ့ရုပ်ရှင်ကားကြီး ရုံတင်ပြသတော့မှာဖြစ်ပါတယ်။
You may also like these stories:
“Now & Ever” ရုပ်ရှင် ရိုက်ကူးရင်း ခံစားခဲ့ရတဲ့အကြောင်း ပြောပြတဲ့ ပိုင်ဖြိုးသု
လန်ဒန်က ရုပ်ရှင်ပွဲတော်မှာ “မီ” ရုပ်ရှင် ပြသခွင့်ရလို့ ဝမ်းသာကြောင်း ပိုင်ဖြိုးသု ပြော
ကျောင်းသားဘဝကတည်းက သဘောကျခဲ့ရတဲ့ အိန္ဒြာကျော်ဇင်နဲ့ ရုပ်ရှင်ရိုက်မယ့် ဒါရိုက်တာ ဏကြီး
“ငြိမ်းကိုရှက်ပါ” ရုပ်ရှင်ရိုက်ဖို့ ညှိနှိုင်းရတာတွေကြောင့် ကြာနေတာလို့ ဒါရိုက်တာ ဏကြီး ပြော