မြန်မာနိုင်ငံရဲ့ သီချင်းဆိုပြိုင်ပွဲတွေထဲမှာ ပရိသတ်စိတ်ဝင်စားမှု အမြင့်ဆုံးလို့ ဆိုရမယ့် Myanmar Idol သီချင်းဆိုပြိုင်ပွဲရဲ့ Season 4 ယှဉ်ပြိုင်မှုက သုံးပတ်မြောက်ကို ရောက်ရှိလာပါပြီ။ ဒီနှစ်မှာတော့ အမျိုးသားပြိုင်ပွဲဝင် အဆိုတော်တွေထက် အမျိုးသမီးပြိုင်ပွဲဝင် အဆိုတော်တွေက ပိုပြီး သီဆိုယှဉ်ပြိုင်နိုင်တာကို တွေ့ရပါတယ်။
အရင်နှစ်တွေက Myanmar Idol Winner တွေဟာ အမျိုးသား အဆိုတော်တွေချည်းပဲ ဖြစ်နေတဲ့အတွက် ပရိသတ်တွေက အမျိုးသမီး အဆိုရှင် Winner ဖြစ်ဖို့ မျှော်လင့်နေကြပါတယ်။
ဒီနှစ် Myanmar Idol Season 4 ရဲ့ ယှဉ်ပြိုင်မှုမှာ ပါဝင်တဲ့ အမျိုးသမီးအဆိုရှင် အေးမြဖြူနဲ့ ချင်းတိုင်းရင်းသူလေး အက်စတာဒေါ့ချင်းဆုန်ရ် တို့ ၂ဦးကတော့ ပရိသတ်အားပေးဝန်းရံမှု အများဆုံးဖြစ်နေပြီး Winner ဖြစ်မယ်လို့ ထင်ကြေးပေးခံနေရတဲ့ အလားလာအကောင်းဆုံး ပြိုင်ပွဲဝင်တွေ ဖြစ်နေပါတယ်။
မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ တက္ကသိုလ်လွမ်းချင်း တေးသီချင်း ယှဉ်ပြိုင်မှုမှာလည်း အကဲဖြတ်ဒိုင်တွေရော၊ ပရိသတ်နှစ်ခြိုက်မှုအများဆုံးဖြစ်ခဲ့တာရောက အေးမြဖြူနဲ့ အက်စတာတို့ ၂ဦးပဲ ဖြစ်နေပါတယ်။
အေးမြဖြူက “တက္ကသိုလ်ကျောင်းက ငွေလမင်း” မြန်မာသံသီချင်းကို ပိုင်နိုင်စွာ သီဆိုပြသွားခဲ့တာပါ။ အေးမြဖြူဆိုတာ ငယ်စဉ်ကတည်းက မြန်မာသံစဉ်သီချင်းတွေကို ပိုင်နိုင်စွာသီဆိုရင်း ပြိုင်ပွဲတွေမှာဆုရရှိခဲ့သူဖြစ်လို့ ဒါဟာ သူမအတွက် အခက်အခဲ မဟုတ်ဘဲ အခွင့်အရေးတခုတောင် ဖြစ်ခဲ့ပါသေးတယ်။
အက်စတာကတော့ မဒီရဲ့ “အချစ်ဖြင့်လွမ်းစေ” သီချင်းကို အဆွေးနဲ့ သီဆိုသွားနိုင်လို့ အကဲဖြတ်ဒိုင် ဖြူဖြူကျော်သိန်းတောင် ပြေးဖက်ပြီး အသိအမှတ်ပြုခံခဲ့ရသူပါ။ ချင်းတိုင်းရင်းသူလေး အက်စတာက ပြိုင်ပွဲအဆင့်ဆင့်မှာ မျက်ရည်လွယ်တတ်လို့ အဲ့ဒီကတည်းက တချို့ပရိသတ်တွေ သတိထားမိလာကြတာပါ။ ဒါပေမယ့် သူက ပထမဆုံးအပတ်ယှဉ်ပြိုင်မှုမှာပဲ မြန်မာတနိုင်ငံလုံးကပေးတဲ့ Vote အရေအတွက် အများဆုံးရရှိထားခဲ့သူပါ။
ကျန်တဲ့ အမျိုးသမီးအဆိုရှင် ပြိုင်ပွဲတွေဖြစ်တဲ့ နှင်းအိအိဝင်း၊ ထက်အဉ္ဇလီ၊ နော်စေးစေးထူး တို့ကလည်း အသံပါဝါ၊ သီဆိုနိုင်စွမ်း ရှိကြပေမယ့် Myanmar Idol ရဲ့ ထုံးစံအတိုင်း Winner ဖြစ်ဖို့က Fan များများလိုအပ်ပြီး Vote ပေးဖို့ အမာခံ ပရိသတ်တွေရှိဖို့လည်း လိုအပ်နေပါတယ်။
နော်စေးစေးထူးက Rock Week မှာ အကောင်းဆုံး သီဆိုယှဉ်ပြိုင်နိုင်ခဲ့ပေမယ့် Vote အရေအတွက်နည်းခဲ့လို့ ပြိုင်ပွဲက နုတ်ထွက်ရခါနီးဖြစ်ခဲ့ပေမယ့် အကဲဖြတ်ဒိုင်များရဲ့ Safe လုပ်မှုကြောင့် ဒီအပတ်မှာ ပြန်လည်ပါဝင်လာခဲ့သူပါ။ ဒါကြောင့် Myanmar Idol မှာ အဆိုကောင်းရုံတင်မကဘဲ ခိုင်မာတဲ့ ပရိသတ်ရှိနေဖို့လည်း လိုအပ်နေတာပါ။
အမျိုးသားပြိုင်ပွဲဝင်များကိုကြည့်မယ်ဆိုရင် ပရိသတ်အားပေးမှုအများဆုံးရရှိနေသူက ချင်းတိုင်းရင်းသား ဘတ်ဂျမင်ဆုန်းပါ။ နေလင်းကျော်၊ တန်ခွန်ကျော်၊ ယောကီး၊ မူးလား တို့ဟာလည်း ပရိသတ်ကိုယ်စီ ရှိနေကြလို့ အပတ်တိုင်း Safe ဖြစ်နေပါတယ်။
အမျိုးသားအဆိုရှင်တွေအနေနဲ့ ပြိုင်ပွဲကနေ စောစောစီးစီး မထွက်ခွာကျရသေးဘဲ အမျိုးသမီးတေးသံရှင်တွေ ၂ဦးကတော့ စစချင်းအပတ်မှာတင် ၂ယောက် Vote အနည်းဆုံးဖြစ်နေတာတွေ့ရပါတယ်။
အမျိုးသမီးပြိုင်ပွဲဝင် ခြူးစစ်ဟန်က စစချင်း ယှဉ်ပြိုင်ရတဲ့ အပတ်မှာတင် Vote အနည်းဆုံးနဲ့ နုတ်ထွက်ခဲ့ရတာပါ။ ဒုတိယအပတ်မှာလည်း နော်စေးစေးထူးက Vote အနည်းဆုံးဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် အမျိုးသမီးအဆိုတော် Winner ဖြစ်ဖို့က ဒီနှစ်မှာလည်း တော်တော်လေးမျှော်လင့်ရမှာပါ။
ပြီးခဲ့တဲ့ Myanmar Idol Season 1 ပြိုင်ပွဲမှာ နင်ဇီမေ က စော်လားထော်ဝါးကို ရှုံးနိမ့်ခဲ့ပြီး၊ ဒုတိယအကြိမ် Myanmar Idol Season 2 မှာ ဘီလီလမင်းအေးက သားငယ်ကို ရှုံးနိမ့်ခဲ့ရပြန်ပါတယ်။
တတိယအကြိမ် Myanmar Idol Season 3 မှာ ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုနဲ့ ဖြိုးမြတ်အောင်တို့ ၂ဦးကြား ယှဉ်ပြိုင်မှုပြင်းထန်းခဲ့ပြီး ချမ်းမြေ့မောင်ချိုကတော့ Final ကို မယှဉ်ပြိုင်နိုင်လောက်အောင် နေမကောင်းဖြစ်ကာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိခဲ့လို့ ဖြိုးမြတ်အောင်က Winner ရရှိခဲ့တာပါ။
ဒီနှစ်မှာလည်း အဆိုတော်များကရော၊ ပရိသတ်တော်တော်များများက အမျိုးသမီးပြိုင်ပွဲဝင်ကို Winner ဖြစ်စေချင်ကြပေမယ့် Myanmar Idol ပြိုင်ပွဲထုံးစံအတိုင်း နီးကပ်လာရင် ဘယ်လိုယှဉ်ပြိုင်မှုတွေ ပြင်းထန်လာပြီး အဆုံးသတ်မှာ ဘယ်သူ Winner ဖြစ်မလဲဆိုတာ မမှန်းနိုင်လို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
You may also like these stories:
Myanmar Idol Season 4 ပြိုင်ပွဲဝင်များကို ဆိုရှယ်မီဒီယာ လျှော့သုံးဖို့ အကြံပေးတဲ့ ငွေဇင်လှိုင်း
“Myanmar Idol မှာ အန်ကယ် မပါတော့ အန်ကယ့်ကို လွမ်းနေပါတယ်”လို့ တင်ဇာမော် ပြော
“Myanmar Idol မှာ ဒိုင်အပြောင်းအလဲ လုပ်ထားတာ ပုဂ္ဂိုလ်ရေး မပါဘူး”လို့ စီစဉ်သူ ပြော
“Myanmar Idol မှာ ဒီနှစ်ပြိုင်တဲ့ မိန်းကလေးတွေ အဆို အရမ်းကောင်းတယ်”လို့ အောင်ကိုလတ် ပြော