Entertainment

သမီးဖြစ်သူရဲ့ ရည်းစားကို အိမ်ခေါ်လာခဲ့ဖို့ ပြောတဲ့ အဆိုတော် မေခလာ

အဆိုတော် မေခလာ ငယ်စဉ်က မိဘတွေကို ကြောက်ရတော့ မမှားသင့်ဘဲ မှားခဲ့တာတွေ ရှိတာကြောင့် သမီးကို လွတ်လွတ်လပ်လပ်နဲ့ ထိန်းချုပ်တယ်လို့ ဆိုပါတယ်။ မေခလာရဲ့ သမီးကတော့ အသက်၂၀ ကျော်အရွယ် ပဉ္စာလစန္ဒီ (ခ) မြင့်မြတ်သူ ဖြစ်ပါတယ်။

“သမီးလေးက အခု အသက်က ၂၀ ၊ ၂၁ ထဲမှာ။ သူက ဝတုတ်မ၊ ဂီတ ဝါသနာပါတယ်။ သူ့ကို ခွေထဲမှာ ထည့်မဆိုဖြစ်တာက သူက လူအများရှေ့ ဆိုရမှာ ရှက်တယ်။ သူ့အသံလေးကတော့ ရွက်ကြမ်းရေကျိုလေး ကောင်းပါတယ်။ သမီးက အခုကျောင်းတက်နေတယ်။ သူ့ရဲ့ အချစ်ရေးကို ပွင့်ပွင့်လင်းလင်းပဲ။ သမီးရည်စားတွေ ခေါ်ခဲ့၊ မခေါ်လာနိုင်ရင်တော့ သူအရည်အသွေး မရှိလို့ပဲ ချစ်ငယ် ပြောထားတယ်။ ချစ်ငယ်ကိုလည်း မကြောက်အောင် မရှက်အောင် တွေ့ပေးဖို့ ပြောထားတယ်”

“သူ့မှာ တကယ်ပဲ ချစ်သူ မရှိတာလား၊ ကောင်လေးကိုခေါ်လာရမှာ ကြောက်တာလား မသိဘူး။ အခုထိတော့ မတွေ့သေးဘူး။ ချစ်ငယ်တို့ ငယ်ငယ်တုန်းက မိဘတွေကိုကြောက်ရတော့ မမှားသင့်ဘဲ မှားခဲ့တယ်။ အခုခေတ်မှာ အမေတွေကလည်း လွတ်လွတ်လပ်လပ်နဲ့ ထိန်းချုပ်ကြတယ်”

“ချစ်ငယ်က သားမက်ကို ချောချော၊ မချောချော ရတယ်။ ပိုက်ဆံ ရှိရှိ၊ မရှိရှိ ရတယ်။ ချမ်းသာတာ ဆင်းရဲတာလည်း မတွေးဘူး။ ကိုယ်ပိုင် အရည်အချင်း ရှိရမယ်။ ကိုယ်ယူမယ့် မိန်းမကို ကားနဲ့ အိမ်နဲ့ မဟုတ်တောင် လူတောတိုးအောင် ထားနိုင်ပြီး ကြင်နာတဲ့ သားမက် ဆိုရင်တောင် ချစ်ငယ်က ကျေနပ်ပါတယ်”လို့ မေခလာက ပြောပါတယ်။

ငယ်ရွယ်ချိန်မှာ ဖခင်နဲ့တူတဲ့ ယောကျာ်းမျိုး လိုချင်တယ်လို့ ဆိုတဲ့ မေခလာက ကိုရန်ကျော်က ချစ်ငယ် ထက်ငယ်လို့ သာပါ အဖေနဲ့တူတဲ့ ယောကျာ်းကို ချစ်ငယ် ရထားတယ်လို့ ဆိုပါတယ်။

“သမီးကို နင့်အဖေလို ယောကျာ်းမျိုးကို ယူလို့ မပြောဘူး။ ချစ်ငယ် ငယ်တုန်းက အဖေလိုတူတဲ့ ယောကျာ်းမျိုး ကို လိုချင်တယ်လို့ ပြောဖူးတယ်။ ကိုရန်ကျော်က ချစ်ငယ်ထက် ငယ်လို့သာပါ။ အဖေနဲ့တူတဲ့ ယောကျာ်းကို ချစ်ငယ် ရထားတာပါ။ ချစ်ငယ်ကို အရမ်းချစ်တယ်။ တခါတလေကျရင် မရင့်ကျက်သေးဘူး။ အခုတော့ နည်းနည်း ရင့်ကျက်လာပါတယ်”

“ချစ်ငယ်တို့ နှစ်ယောက်ကတော့ ချစ်တယ်။ ယောကျာ်းကလည်း ယောကျာ်း အလုပ်လုပ်၊ မိန်းမကလည်း မိန်းမအလုပ်လုပ်နဲ့ တိုင်တိုင်ပင်ပင် လုပ်ကြတယ်။ အဲ့ဒါကြောင့် သမီးကိုလည်း ကိုယ့်ကိုယ် ချစ်တတ်တဲ့သူကို ရှာလို့ ပြောထားတယ်။ သမီးကို ချစ်တဲ့ ကောင်လေးက တကယ်ချစ်တဲ့ သူပဲဖြစ်မှာပါ”လို့ မေခလာက ပြောပါတယ်။

Loading