အက်ရှင်ကားများမှာ တည်ကြည်ခန့်ညားတဲ့ ဇာတ်ရုပ်များနဲ့ တွေ့ရတာများတဲ့ သရုပ်ဆောင် ခါရာကတော့ မကြာခင်မှာ ရိုက်ကူးမယ့် “ရင်ခုန်သံ ခုနှစ်ဆယ့်လေးရက်” ဇာတ်လမ်းတွဲထဲမှာ သရုပ်ဆောင်မယ့်ဇာတ်ရုပ်ကတော့ အပြင်က ခါရာရဲ့ပုံစံနဲ့တူတယ်လို့ ပြောပါတယ်။
“တွေ့တဲ့လူတိုင်းက Surprise ဖြစ်သွားရလောက်အောင် ထူးခြားပါတယ်။ အဝတ်အစား ဒီဇိုင်းတွေကအစ တော်တော်လေးကို ထူးခြားတယ်။ သာမန်နဲ့ မတူတဲ့ အမူအရာတွေနဲ့ ကွဲထွက်တဲ့ သရုပ်ဆောင်မှုတွေနဲ့။ အဲ့ဇာတ်ကောင်ကကျတော့ တခြားသူတွေ မလုပ်နိုင်တာကို သူလုပ်နိုင်တယ်။ တခြားသူတွေ စဉ်းစားတတ်တာကို သူက မစဉ်းစားတတ်ဘူး။ အရမ်းကို စိတ်ထားတည်ကြည်တယ်။ ဖြောင့်မတ်တယ်”
“တချို့အချက်တွေက ကျနော်နဲ့ တော်တော်လေး တူတယ်။ တချို့အချက်တွေကတော့ သူလုပ်နိုင်တာကို ကျနော် မလုပ်နိုင်ဘူး။ အဲဒါကတော့ ဒီကာရိုက်တာရဲ့ ထူးခြားချက်တွေပေါ့” လို့ သရုပ်ဆောင် ခါရာက ပြောပါတယ်။
ဒီဇာတ်လမ်းတွဲလေးကတော့ သရုပ်ဆောင်များနဲ့ ထုတ်လုပ်ရေးအတွက်ပါ စိန်ခေါ်မှုများစေပြီး သာမန်နဲ့မတူတဲ့ အဝတ်အစားဒီဇိုင်းများ ၊ Location များ ၊ Plot များနဲ့ ထူးခြားမှုရှိတဲ့ ဇာတ်လမ်းလေးဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့်လည်း ခါရာက သူသရုပ်ဆောင်ရမယ့် ဇာတ်ရုပ်ကို တထပ်တည်းကျသွားမှသာ ကြည့်ကောင်းတဲ့ ဇာတ်ရုပ်ဖြစ်သွားမှာဖြစ်တဲ့အတွက် ကြိုးစားပြင်ဆင်ထားတယ်လို့ သိရပါတယ်။
“ကျနော့်အတွက် စိန်ခေါ်မှုက ဒီကာရိုက်တာကိုဖြစ်သွားမှ ပရိသတ်က ကျနော့်အတွက် ကြည့်လို့ကောင်းမှာ။ တော်တော်များများ အခန်းတွေမှာ ကျနော့်ရဲ့ဇာတ်ကောင်အခန်းတွေရဲ့ ပါဝင်ပတ်သက်မှုတွေက Impact က တော်တော် ကြီးတယ်။ ဒီဇာတ်ကောင် ဖြစ်ကိုဖြစ်နေမှ ဒီဇာတ်လမ်းက ပေါ်လွင်မှာပေါ့။ အဲ့အတွက်ကြောင့် အဲ့ဇာတ်ကောင်အတိုင်းကို မဖြစ်ဖြစ်အောင် ကြိုးစားပြီးတော့ လုပ်နေတယ်” လို့ ခါရာကပြောပါတယ်။
“ရင်ခုန်သံ ခုနှစ်ဆယ့်လေးရက်” ဇာတ်လမ်းအတွက် ၁ လခန့် ဇာတ်ညွှန်းများ ဖတ်ကာ ဒါရိုက်တာ ဉာဏ်ထင်က Acting Coach အနေနဲ့ ပါဝင်ထားတယ်လို့ သိရပါတယ်။
ခါရာက အရှေ့မှာလည်း “မနေ့ကဖြစ်သည်” ဇာတ်လမ်းတွဲ နဲ့ လက်ရှိပြသနေတဲ့ “လိပ်ပြာ” ဇာတ်လမ်းတွဲတို့မှာ တည်ကြည်ပြီး လူကြီးဆန်တဲ့သူတယောက် ဖြစ်ခဲ့ပေမယ့် ဒီကားထဲမှာတော့ ဆန့်ကျင်ဘက်အနေနဲ့မြင်ရမှာပဲဖြစ်ပါတယ်။
“အရှေ့မှာ လူကြီးတွေအရမ်းဆန်ပြီးတော့ ကြမ်းကြမ်းရမ်းရမ်းတွေ လုပ်ထားတာပေါ့။ ဒီကားထဲမှာတော့ လုံးဝကို မတူညီတဲ့ ဆန့်ကျင်ဘက် ဇာတ်ကောင်တွေ ဖြစ်မယ်။ အရမ်းကို နူးညံ့မယ်။ တည်ကြည်မယ်။ အရမ်းရိုးသားမယ့် ပုံစံမျိုး ပရိသတ်တွေ ကြည့်လိုက်တာနဲ့ ချစ်ဖို့ကောင်းတဲ့ ပုံစံမျိုးလည်းဖြစ်လိမ့်မယ်” လို့ ခါရာက ပြောပါတယ်။
မကြာသေးမီကလည်း ဒါရိုက်တာ အောင်မြတ် ရိုက်တဲ့ “Love Equation “ ရုပ်ရှင်ကားကြီးမှာလည်း သက်မွန်မြင့် ၊ ဖွေးဖွေး ၊ ဒေါင်းတို့နဲ့ အတူရိုက်ခဲ့ပြီး အချစ်ကားရိုက်ဖို့အတွက် အတွေ့အကြုံတွေလည်း ရခဲ့တယ်လို့ သိရပါတယ်။
“အတွေ့အကြုံကတော့ ဒီလိုပါပဲ တကားပြီးတကားကတော့ မတူညီတဲ့ဇာတ်ကောင်တွေကို အမြဲတမ်းလုပ်နေတာ ဖြစ်တဲ့အတွက် တကားနဲ့တကား မတူညီတဲ့ အတွေ့အကြုံတွေ ရတယ်။ ဇာတ်ကောင်အပေါ်မှာ ယုံကြည်မှု ပိုရှိလာအောင်၊ ပိုနားလည်လာအောင် တဖြည်းဖြည်းနဲ့ လုပ်တတ်လာတယ်။ အမြဲတမ်းတော့ သင်ယူနေရတာပေါ့။ ဇာတ်လမ်းတွဲတွေ ရိုက်တယ်။ ရုပ်ရှင်ကားတွေ ရိုက်တယ်။ အတွေ့အကြုံတွေ အများကြီး ရပါတယ်။ ကိုယ့်စီနီယာတွေနဲ့ ရိုက်တော့ ပိုအတွေ့အကြုံရတာပေါ့” လို့ ခါရာက ပြောပါတယ်။
ခါရာကတော့ သရုပ်ဆောင်ကောင်းတယောက် ဖြစ်ဖို့အတွက် အမြဲကြိုးစားနေတဲ့ သူတယောက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများ ၊ ဇာတ်လမ်းတွဲများစွာလည်း ရိုက်ကူးထားပါတယ်။
You may also like these stories:
“အောင်မြင်မှုတခု ရဖို့အတွက် အချိန်တခုက အရမ်းအရေးကြီးတယ်”ဆိုတဲ့ ခါရာ
ကိုရီးယားကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက်ကာ သီချင်းဆိုရမယ့် ခါရာ
သက်မွန်မြင့်နဲ့ ဖွေးဖွေးကို အတူတွဲမြင်ရမယ့် “Love Equation” အချစ်ဇာတ်ကား