Entertainment

ဇာတ်လမ်းတွဲ ရိုက်ကူးပြီး အနုပညာအလုပ်တွေ ပြန်လုပ်လာပြီဖြစ်တဲ့ ခင်စိုးပိုင်

Want create site? Find Free WordPress Themes and plugins.

တချိန်ကအောင်မြင်မှုများနဲ့ ပရိသတ်ကြိုက် သရုပ်ဆောင်တယောက်ဖြစ်တဲ့ အကယ်ဒမီခင်စိုးပိုင်ကတော့ အချိန်ကာလတခုအကြာ အနုပညာလောကနဲ့ အဆက်ပြတ်နေခဲ့ပြီး အခုအခါ ဇာတ်လမ်းတွဲတွေ ရိုက်ကူးပြီး အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ အနုပညာအလုပ်တွေ မလုပ်ကိုင်တာ ကြာပြီဖြစ်လို့ အခုအချိန်ဇာတ်ကားများ ပြန်ရိုက်တဲ့အခါ ၁ကနေ ပြန်စသလိုဖြစ်နေတယ်လို့ ဆိုပါတယ်။

“ကားရိုက်တွေကို ၇နှစ်နားလိုက်ရတယ်လေ။ ဒီကြားထဲမှာ အလုပ်တွေကတော့ လုပ်နေရပါတယ်။ ဇာတ်လမ်းတွဲကတော့ ကြိုကြားကြိုကြားပဲရှိတယ်။ အသစ်အသစ်တွေကတော့ ဖြစ်မှာပေါ့နော်။ အခုမှစပြီးရိုက်မှာဆိုတော့ ဘယ်လိုလာဦးမလဲ မပြောတတ်ဘူး။ ကြိုးစားရမှာပေါ့။ အခုမှ ၁ကနေ ပြန်စသလိုဖြစ်နေတာ” လို့ ခင်စိုးပိုင်ကပြောပါတယ်။

မကြာခင်မှာလည်း “ရင်ခုန်သံ ခုနှစ်ဆယ့်လေးရက်” ဆိုတဲ့ဇာတ်လမ်းတွဲမှာ ဇာတ်ရုပ်နှစ်မျိုးဖြင့် ပါဝင်သရုပ်ဆောင် သွားမှာဖြစ်ပြီး ဒီဇာတ်လမ်းတွဲမှာဆိုရင် တက်သစ်စသရုပ်ဆောင်များဖြင့် ရိုက်ကူးသွားမှာပဲဖြစ်ပါတယ်။

“အန်တီပိုင်တို့ အရင်တုန်းကနဲ့မတူဘူး။ မင်းသမီးအသစ်လေးတွေ မင်းသားအသစ်လေးတွေ အများကြီးပဲ။ မရိုက်တာ ကြာတော့ အခုအသစ်တွေဆို မရင်းနှီးဘူး။ ဟိုတုန်းက မင်းသားမင်းသမီးတွေပဲ ရင်းနှီးတော့လေ” လို့ ခင်စိုးပိုင်က ပြောပါတယ်။

အနုပညာအလုပ်များနဲ့ ဝေးကွာခဲ့တဲ့အချိန်ကာလတုန်းက ပြောဆိုဝေဖန်မှုတွေရှိခဲ့ပြီး စိတ်ဓာတ်မကျ အားမငယ်ဘဲ အားတင်းခဲ့ကာ ဒီအနုပညာအလုပ်တွေကို သား ၂ယောက်က မလုပ်စေချင်တော့ပေမယ့် မနေနိုင်တဲ့အတွက် ပြန်လည်ပြီး လုပ်ဖြစ်ခဲ့တာလို့ သိရပါတယ်။

“စစချင်းနားတဲ့အချိန်မှာဆို ရှိတယ်။ ဒါပေမယ့် အန်တီပိုင်က စိတ်ဓာတ်တော့မကျဘူး။ အမြဲတမ်းအားတင်းထားတယ်။ သားလေး ၂ယောက်ကလည်း အမြဲတမ်းအားပေးတယ်။ သူတို့တွေကလည်း မရိုက်စေချင်တော့ဘူး။ ကိုယ်က မနေနိုင်တာလေ။ နောက်ဆုံးကျတော့ မအေကိုပြောလို့ မရတော့တဲ့အဆုံး လျစ်လျူရှုလိုက်ရတော့တာပေါ့”လို့ခင်စိုးပိုင်ကပြောပါတယ်။

ကြားထဲမှာ အခက်အခဲတွေဖြစ်ခဲ့တာ ရှိပြီး ဒီလို ဖြစ်ခဲ့တာတွေအတွက်လည်း ဝဋ်ကြွေးကြောင့် ပေးဆပ်ခဲ့ရတာလို့ သဘောထားခဲ့တယ်လို့ ဆိုပါတယ်။

“လူဆိုတာ ကိုယ်ဖြစ်မှကိုယ်သိတာလေ။ ကြုံဖူးပါတယ် ပြောဆိုမှုတွေကို ဒါတွေကို တုန့်ပြန်လို့တော့မရဘူးပေါ့။ အန်တီပိုင် အခုလိုဖြစ်တယ်ဆိုတာကလည်း ဘဝရဲ့ဝဋ်ကြွေးကြောင့် ပေးဆပ်ရတာပါပဲ။ ပျော်ပါတယ်။ ပေးဆပ်လိုက်ရတာ”လို့ ခင်စိုးပိုင်ကပြောပါတယ်။

ကားအက်ဆီးဒင့်ကြောင့် ထိခိုက်ခဲ့တဲ့ မျက်လုံးကခွဲစိတ်ကုသထားပြီး ကျန်းမာရေးကောင်းနေပြီဖြစ်တယ်လို့ သိရပါတယ်။

“မျက်လုံးကတော့ ခွဲစိတ်ထားတာ။ ဒဏ်ရာလေးတွေတော့ ကျန်တာပေါ့။ ကျန်းမာရေးကတော့ကောင်းပါတယ်။ ဒေါင်ဒေါင်မြည်ပဲ၊ ခန္ဓာကိုယ်တောင် ဝလာသေးတယ်” လို့ ခင်စိုးပိုင်ကပြောပါတယ်။

ခင်စိုးပိုင်ကတော့ ယခုနှစ်အတွက် အကယ်ဒမီစိစစ်အကဲဖြတ်အဖွဲ့မှာ ပါဝင်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading