ကမ္ဘာကျော်ဟောလိဝုဒ်မင်းသား Nicolas Cage ဟာ သူ့အကြောင်း အခြေခံရိုက်ကူးမယ့် ရုပ်ရှင်မှာ ပါဝင်လာဖို့ လက်ရှိမှာဆွေးနွေးနေတယ်လို့ သိရပါတယ်။
“Unbearable Weight of Massive Talent” လို့ နာမည်ပေးထားတဲ့ အဲ့ဒီရုပ်ရှင်ကို Lionsgate ရုပ်ရှင်ထုတ်လုပ်ရေးကနေ ထုတ်လုပ်ဖို့ နောက်ဆုံးအဆင့် စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပြီလို့ The Hollywood Reporter မီဒီယာမှာ ဖော်ပြပါတယ်။
အဲ့ဒီဇာတ်လမ်းကိုတော့ Tom Gormican နဲ့ Kevin Etten တို့က ရေးသားပေးထားတာဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်မှာတော့ မင်းသား Cage ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေက နာမည်ကျော်ကြားမှု မရှိတော့ဘဲ ဘတ်ဂျက်နည်းလွန်းတဲ့ ရုပ်ရှင်တော်တော်များများကိုပဲ ရိုက်ကူးရတဲ့ သူ့ရဲ့အကြောင်းကို လှောင်ပြောင်ထားတဲ့ Nicolas Cage အဖြစ် သရုပ်ဆောင်ဖို့ ဆွေးနွေးနေတာလည်း ဖြစ်ပါတယ်။
အဲ့ဒီရုပ်ရှင်ထဲမှာ အကြွေးနွံထဲနစ်နေတဲ့ မင်းသား Cage ဟာ ရရာလမ်းကြောင်းကနေ ပိုက်ဆံရဖို့ သူ့ရဲ့ ပရိသတ် တဦးဖြစ်တဲ့ မက္ကဆီကို မူးယစ်ဂိုဏ်းအဖွဲ့ဝင်တဦးရဲ့ မွေးနေ့ပွဲပါတီကို တက်ရောက်ဖို့ သဘောတူခဲ့ရာကနေ ဇာတ်လမ်းကို အစပြုထားပါတယ်။ အဲ့ဒီလိုအခက်အခဲတွေကြားထဲမှာ ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူကို ပျော်ရွှင်အောင်ထားရမယ့် ဖခင်တဦးရဲ့ ပုံစံကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။
သူ့ရဲ့ပရိသတ်ဖြစ်တဲ့ မက္ကဆီကို မူးယစ်ဂိုဏ်းအဖွဲ့ဝင်ဟာ ဘိန်းဘုရင်ဟုတ်၊ မဟုတ်နဲ့ မက္ကဆီကိုသမ္မတလောင်း အဖြစ် တစ်ပြေးနေတဲ့သူရဲ့ သမီးကို ပြန်ပေးဆွဲခဲ့ခြင်းရှိ၊ မရှိ သိနိုင်ဖို့ စီအိုင်အေရဲ့ ခေါ်ယူစစ်မေးမှုကို ခံယူရတဲ့ မင်းသား Cage ရဲ့ဘဝတစိတ်တဒေသကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီနောက် မက္ကဆီကိုမူးယစ်ဂိုဏ်းအဖွဲ့ဝင်ကို နှိမ်နှင်းဖို့ အမေရိကန်အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ရပါတယ်။
အဲ့ဒီရုပ်ရှင်ကို ဒါရိုက်တာကြီး Quentin Tarantino က ရိုက်ကူးမယ်လို့ သတင်းထွက်ပေါ်နေပြီး Nicolas Cage နေရာမှာ မင်းသား Cage ကလွဲရင် တခြားမင်းသားတွေနဲ့လည်း ရိုက်ကူးဖို့ စဉ်းစားထားသလားဆိုတာကိုလည်း မသိရသေးပါဘူး။
ထွက်ပေါ်လာတဲ့သတင်းတွေအရ အခုရုပ်ရှင်တွေကတော့ Leaving Las Vegas ၊ Face/off နဲ့ Gone in 69 Seconds ရုပ်ရှင်တွေလို ဒရာမာနဲ့ အက်ရှင်ကို ရောနှောရိုက်ကူးမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref: independent