ကိုယ်တိုင် သရုပ်ဆောင်တယောက်ဖြစ်ရုံမက ဇာတ်လမ်း၊ ဇာတ်ညွှန်းများကိုလည်း ဖန်တီးသူ သရုပ်ဆောင် ဇဏ်ခီက မြန်မာပြည်မှာရှိတဲ့ အမှုတော်တော်များများကို ဇာတ်အိမ်တည်ပြီးတော့ ရိုက်ဖို့ စဉ်းစားထားတယ်လို့ ဆိုပါတယ်။
“တရားဥပဒေဆိုင်ရာ အသိပေးဇာတ်ကား ရိုက်ဖို့ရှိတယ်။ P.I.T ဆိုပြီးတော့ ပြောထားဖူးတယ်။ Private Investigation Team ဆိုပြီးတော့ အလွတ်စုံထောက်တွေဖွဲ့ပြီးတော့ မြန်မာပြည်မှာပဲရှိတဲ့ အမှုတော်တော်များများကို ဇာတ်တည်ပြီးတော့ ရိုက်မယ်လို့ စဉ်းစားထားတယ်။ ဒါပေမဲ့ ရေးနေတုန်း ပါ။ TV Series ကနေ အခု ရုပ်ရှင်ဘက် ပြောင်းမလားလို့ ပြန်ပြီးတွေးနေကြတယ်။ TV Series ကျတော့ အပိုင်းတွေ အများကြီးရိုက်ရပါတယ်”
“ပြီးတော့ ဘတ်ဂျက်အနေအထား၊ ကိုယ်ရိုက်ပေးရမယ့် Channel ရဲ့ တောင်းဆိုချက်တွေကို လိုက်လျောရမယ့် အချက်တွေ အများကြီးရှိနေတော့ အခု ရုပ်ရှင်အနေနဲ့ ပြန်ရိုက်မလားလို့ စဉ်းစားနေတာပါ။ ဒါပေမဲ့ ရိုက်ဖြစ်မှာပါ။ တရားဥပဒေနဲ့ ပတ်သက်တဲ့ဟာတွေလည်း ပါတယ်ပေါ့။ ရုပ်ရှင်အနေနဲ့ ပြန်လုပ်မယ်ဆိုရင်တော့ မင်းသားအများကြီး မဟုတ်လောက်တော့ဘူး။ ဇာတ်လမ်းတွဲအနေနဲ့ကတော့ အများကြီး လိုတာပေါ့နော်။ ဒါပေမဲ့ ပါဝင်မယ့် သရုပ်ဆောင်တွေကတော့ များမှာပါ”လို့ ဇဏ်ခီက ပြောပါတယ်။
“Now & Ever” (ထာဝရနှောင်ကြိုး) ရုပ်ရှင်ကား Spoiler လုပ်ခံရတဲ့အပေါ် သရုပ်ဆောင်ဇဏ်ခီက ဇာတ်ကားမပြခင် ကတည်းက Spoiler ကို သိပ်တားလို့တော့ ရမယ်မထင်ဘူးလို့ ဆိုပါတယ်။
“ထာဝရနှောင်ကြိုးကို ပရိသတ်တွေ အားပေးကြလို့ အရမ်းဝမ်းသာရပါတယ်။ အင်တိုက်အားတိုက်ကို အားပေးကြတယ်။ လက်မှတ်တွေလည်း ဝယ်လို့ မရတဲ့သူတွေ ရှိသေးတယ်ကြားရတော့ အတိုင်းမသိ ကို ဝမ်းသာရပါတယ်။ ပရိသတ်တွေ ထောက်ပြဝေဖန်တာတွေလည်း အများကြီးတွေ့ရပါတယ်။ အကုန်လုံးက ရာနှုန်းပြည့်ကြိုက်နိုင်တဲ့ ရုပ်ရှင် မရှိဘူးလို့ထင်တယ်။ Titanic တောင် မကြိုက်တဲ့သူ ရှိမှာပဲလေ”
“ကျနော်ကားလည်း မကြိုက်တဲ့သူ ရှိမှာပဲလေ။ ဒါပေမဲ့ ကြိုက်တဲ့သူ ရာခိုင်နှုန်းက ပိုများတယ်လို့ ခံစားရတယ်။ ကျနော်တို့ ဇာတ်ကား မပြခင်ကတည်းက Spoiler ကို သိပ်တားလို့တော့ရမယ် မထင်ဘူး။ ရေးချင်တဲ့သူက ရေးမှာပဲလေ။ ကျနော်တို့ဘက်ကတော့ မေတ္တာရပ်ခံတာပဲ လုပ်ပေးလို့ ရတယ်။ လက်မှတ်မရသေးတဲ့ သူတွေလည်းကြိုးစားပြီးတော့ လက်မှတ်လေးတွေ ဝယ်ပြီး အားပေး ကြဖို့ပြောချင်ပါတယ်”လို့ ဇဏ်ခီက ပြောပါတယ်။
“Now & Ever” ရုပ်ရှင်ကတော့ ဇဏ်ခီရဲ့တတိယမြောက် ဇာတ်ညွှန်းဖြစ်ပြီး “ဥပါယ်တံမျဉ်” နဲ့ “သီတာ” ဆိုတဲ့ ဇာတ်ညွှန်းများလည်း ရေးသားထားပါတယ်။ ဒါရိုက်တာ ခရစ္စတီးနာခီ ရိုက်ကူးတဲ့ “Now & Ever” (ထာဝရနှောင်ကြိုး) ရုပ်ရှင်ကားကိုတော့ အောက်တိုဘာ ၃၁ ရက်နေ့က စတင် ရုံတင်ပြသခဲ့ပြီး လက်ရှိမှာလည်း ရုံတင်ပြသဆဲပါ။ ဒီကားမှာတော့ သရုပ်ဆောင် ဇဏ်ခီ၊ ပိုင်ဖြိုးသု၊ မင်းညို၊ ဂျူဂျူးကေ၊ ခင်သဇင်နဲ့ အခြားသရုပ်ဆောင်များ ပါဝင်ထားပါတယ်။
You may also like these stories:
ဇနီးအတွက် ဒုတိယမြောက် သီချင်းတပုဒ် ရေးပေးထားတဲ့ သရုပ်ဆောင် ဇဏ်ခီ
“Now & Ever” ရုပ်ရှင်အတွက် ဇာတ်ဝင်တေး ၆ ပုဒ် ကိုယ်တိုင် ဖန်တီးထားတဲ့ ဇဏ်ခီ
ဘဝတလျှောက်လုံး ရုပ်ရှင် ၁၀ ကားခန့် ရိုက်ဖို့ ရည်ရွယ်ထားတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ
“အနုပညာလုပ်တယ်ဆိုတာ ငွေထက် ခံစားမှုကို ပိုပြချင်တာ”လို့ ဒါရိုက်တာ ခရစ္စတီးနားခီ ပြော