ရွှေအိမ်စည်ကတော့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သူမရဲ့ပုံလှလှလေးတွေတင်တဲ့အခါမှာ ရေးတဲ့ပုံစာများဟာ ပရိသတ်သဘောကျတဲ့ စာများဖြစ်နေပြီး ရွှေအိမ်စည်ဟာ ဝိုင်သောက်ထားတဲ့အချိန်များမှာတော့ Caption ကောင်းကောင်း ထွက်တယ်လို့ ပြောပါတယ်။
“အိမ်စည့် Caption (ပုံစာ) ကောင်းတော်တော်များများက ဝိုင်သောက်ထားတဲ့ အချိန်မှာ ထွက်တာများတယ်။ ဝိုင်သောက်ထားတဲ့ အချိန်ကျတော့ သူများတွေရဲ့အမြင်ပေါ့။ ငါဒီတင်လိုက်ရင် ဘာဖြစ်သွားမလဲပေါ့။ အဲ့လိုမျိုး သိပ်မတွေးဘူ။ အိမ်စည်က အဲ့ခံစားချက်ကို သဘောကျတယ်။ ကိုယ် အခက်အခဲကြုံတွေ့နေရတယ်။ အဲ့ Status ကို ရေးချင်နေပြီ။ ငါရေးမှ ဖြစ်တော့မယ်။ Share မှ ဖြစ်တော့မယ်ဆိုတဲ့ သွေးဆူဆူမှာ ရေးတာလေးတွေကတော့ Caption ကောင်းကောင်း ထွက်တာပေါ့” လို့ ရွှေအိမ်စည်က ပြောပါတယ်။
ကော်ဖီနဲ့ ဝိုင်ကို ကြိုက်တဲ့သူတယောက်ဖြစ်တာကြောင့် နေ့ခင်းဘက်မှာ ကော်ဖီသောက်ပြီး ညဘက်များမှာ အိပ်မပျော်တာကြောင့် ဝိုင်သောက်ရတာနဲ့ သံသရာလည်နေတယ်လို့ ရွှေအိမ်စည်က ဆိုပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းက တင်ထားတဲ့ မာနကြီးတယ်လို့ထင်ရတဲ့အကြောင်းကိုရေးထားတဲ့ စတေးတပ်ရေးတဲ့ အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။
“တော်တော်များများက အိမ်စည့်ကိုမြင်ပြီဆိုရင် လာမနှုတ်ဆက်ရဲကြတာတို့ ထင်မြင်ချက်လေးတွေယူဆချက်လေးတွေက အစကတည်းကရှိပြီးသားပေါ့။ ကိုယ့်ကိုတောင် မခင်ရသေးဘူး။ ဟိုင်း ဟဲလို မလုပ်ရသေးဘူး။ သူကချေမှာပဲ။ သူက အမြင်ကတ်ဖို့ ကောင်းတယ်တို့ တလောကလုံးက သူ့လုပ်စာထိုင်စားနေရတဲ့ရုပ်ဆိုပြီးတော့ ထင်မြင်ချက်လေးတွေ အပေါ်မှာ အိမ်စည့်အနေနဲ့ ရှင်းပြလိုက်တာပေါ့” လို့ ရွှေအိမ်စည်က ပြောပါတယ်။
မာနကြီးနေတယ်ဆိုတာကလည်း သူများကိုထိခိုက်နေတာမဟုတ်ဘဲ ကြိုးစားနေတဲ့ လူတယောက်အနေနဲ့ ရိုက်သင့်ရှိထိုက် တဲ့ မာနထားရတာဖြစ်တယ်လို့ ဆိုပါတယ်။
“အပွင့်လင်းဆုံးပြောရရင် ကိုယ့်ကို ခင်တဲ့လူတွေက ကိုယ့်အကြောင်းကို သိမှာပဲ။ ဒါပေမယ့် အဲ့လိုမဟုတ်ဘဲနဲ့ ကိုယ်က ချေနေတယ်။ မာနကြီးနေတယ်ဆိုရင် ကိုယ့်ဟာကိုယ် လုပ်ကိုင်စားသောက်နေတယ်။ ဘယ်သူ့ကိုမှ မထိခိုက်နေဘူး။ ရိုးရိုးသားသား အေးအေးဆေးဆေး နေထိုင်နေတဲ့သူတယောက်အနေနဲ့ ပြီးတော့ကြိုးစားနေတဲ့လူတယောက်အနေနဲ့ မာနကြီးတယ်ဆိုရင်လည်း ရှိသင့်ရှိထိုက်တဲ့မာနတော့ လိုအပ်တယ်လို့ ထင်တယ်။ အဲဒါရှိမှလည်း ရှေ့ဆက်သွားလို့ရမှာ” လို့ ရွှေအိမ်စည်က ပြောပါတယ်။
ချေတယ်ဆိုတာကလည်း တဖက်ကစကားပြောတဲ့သူအပေါ်မှာ မူတည်ပြီး မကောင်းမကြံတဲ့သူဆိုရင်တော့ အေးဆေးဆေးဆေးပြန်ပြောတယ်လို့ သိရပါတယ်။
“ချေသင့် ချေထိုက်တဲ့သူဆိုရင်တော့ ချေပါတယ်။ ဒါပေမယ့် အိမ်စည်ချေလား၊ မချေလား။ မာနကြီးလား၊ မကြီးလားဆိုတာ အိမ်စည်စကားပြောနေတဲ့သူအပေါ်မှာ သက်ဆိုင်ပါတယ်။ သူတို့ရဲ့ Attitude က ကိုယ့်အပေါ်မှာ မကောင်းဘူးဆိုရင် အိမ်စည်က အဲ့လိုကို စကားတောင်ပြောမှာ မဟုတ်ဘူး။ အချိန်ဖြုန်းနေစရာ အကြောင်းမရှိဘူးလေ”
“ကိုယ်က သူတို့အကြောင်းကိုသိထားလို့။ ကိုယ့်ကိုလည်းမကောင်းမကြံဘူး။ အေးအေးလူလူ ရှိတဲ့လူဆိုရင်တော့ Fine ။ Welcome ပဲ” လို့ ရွှေအိမ်စည်က ပြောပါတယ်။
အနုပညာအလုပ်လုပ်တဲ့အခါမှာ ရှိရင်းစွဲစရိုက်နဲ့ လူအများနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ ဘယ်လိုအခက်အခဲတွေ ရှိလဲဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။
“အနုပညာအလုပ်တွေလုပ်တော့ အဆင်ပြေလားဆိုတော့ ပြေနေတာပဲလေ။ အခက်အခဲရှိလားဆိုရင်လည်း အခက်အခဲ ရှိတယ်။ သူ့ဟာနဲ့သူတော့ အဆင်ပြေနေတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အစပိုင်းမှာခက်ခဲပေမယ့် နောက်ပိုင်းမှာ လူတွေက နားလည်လာတယ်။ ကိုယ့်ရဲ့အထာကို။ ကိုယ်က မသိတော့ဘူး ဗိုက်ဆာလာပြီ ဘာညာပြောရင်တောင် သူကအဲ့လိုမျိုးပဲ အိမ်စည် မဟုတ်ဘဲ တခြားကပြောရင်တော့ အထာကောက်ရင် ကောက်မှာပေါ့”
“အိမ်စည့်အကြောင်းကို ဂဃနဏ သိသွားတဲ့အချိန်ကျရင်တော့ လျော့ပေးတာတွေ ရှိတယ်။ လက်ခံပေးတာတွေရှိတယ်။ ကိုယ့် Personality အတိုင်း ကိုယ်နေတာ ကောင်းမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အမြဲတမ်းကြီးကျတော့ ဘယ်သူမှ ဟန်ဆောင် မနေနိုင်ဘူးလေ။ ဒီအနုပညာက လုပ်တယ်ဆိုရင်လည်း ကိုယ့်ပုံစံအတိုင်း သွားတာကောင်းတယ်” လို့ ရွှေအိမ်စည်က ပြောပါတယ်။
ဖန်သားပြင်မှာတွေ့ရတဲ့ ရွှေအိမ်စည်နဲ့ အပြင်မှာရှိတဲ့ ရွှေအိမ်စည်ကို တသားတည်းဖြစ်အောင်လည်း နေတယ်လို့ သိရပါတယ်။
“တီဗီဖန်သားပြင်မှာကျတော့ ကောင်မလေးက တမျိုးပေါ့။ အရမ်းဖော်ရွေပြီးတော့ လူကိုလည်း တွေ့ရောတမျိုးဆိုရင်ကျတော့ အဆင်မပြေဘူး။ အိမ်စည်က တသားတည်းပဲ ဖြစ်စေချင်တာ။ အပြင်မှာတွေ့ရင်လည်း ဒီအတိုင်း အထဲမှာကျရင်လည်း ဒီအတိုင်းပဲဖြစ်စေချင်တယ်။ အရမ်းကြီး ဆန်းကြယ်တာ မဖြစ်ချင်ဘူး” လို့ ရွှေအိမ်စည်က ပြောပါတယ်။
ရွှေအိမ်စည်ကိုတော့ ပရိသတ်တော်တော်များများက မျက်နှာမာကာ လှပချောမောတဲ့ အလှမယ်တယောက်နဲ့ ချစ်ခင်အားပေးလျက်ရှိပြီး အခုနောက်ပိုင်းမှာတော့ သရုပ်ဆောင်အလုပ်များကိုပါ တွဲဖက်လုပ်ကိုင်လာနေပြီ ဖြစ်ပါတယ်။
You may also like these stories:
ဝတ်လစ်စလစ်သရဲအဖြစ် သရုပ်ဆောင်မယ့် အလှမယ်ရွှေအိမ်စည်
ရွှေအိမ်စည်အကြောင်းပြောပြတဲ့ အလှမယ်မေမြတ်နိုး
ဝေဖန်ခံခဲ့ရတဲ့ ရေကူးဝတ်စုံနဲ့ ဓာတ်ပုံအကြောင်း ရှင်းပြတဲ့ ရွှေအိမ်စည်