Entertainment

အသက်အရွယ် ရလာတော့ ကိစ္စတော်တော်များများကို တရားနဲ့ ဖြေတဲ့ အဆိုတော် နိုင်းဝမ်း

Want create site? Find Free WordPress Themes and plugins.

ဆယ်စုနှစ်တခုကျော်ကြာ ဂီတလောကမှာ ရပ်တည်လာခဲ့တဲ့ အဆိုတော် နိုင်းဝမ်းကတော့ အနုပညာအလုပ် ၊ လူမှုရေး ၊ စီးပွားရေးကိစ္စတော်များများရဲ့ အကောင်းအဆိုးများကို အသက်အရွယ်တခု ရောက်လာတဲ့အချိန်မှာ တရားနဲ့ဖြေတယ်လို့ ပြောပါတယ်။

“ကျနော်ကတော့ ဘယ်အလုပ်လုပ်လုပ် နောင်တ မရဘူး။ ဒီအနုပညာအလုပ်မှ မဟုတ်ဘူး။ တခြားအလုပ်လည်း ကျနော်လုပ်တယ်။ ပတ်သက်မိတဲ့သူတွေလည်း ရှိတယ်။ မျိုးစုံပေါ့နော်။ ဒါပေမယ့် နောင်တ မရဘူး။ လူဆိုတာ ကျနော်တို့ ဘာသာရေး ဗုဒ္ဓဘာသာ အဆုံးအမနဲ့ ကြည့်မယ်ဆိုရင် သူဖြစ်ချိန်တန်လို့ဖြစ်တာ ကိုယ်လုပ်တိုင်းလည်း မဖြစ်တဲ့အရာတွေ အများကြီးပဲ။ ဖြစ်အောင် လုပ်မယ်ဆိုပြီး မဖြစ်တဲ့အရာတွေက ပိုများတယ်။ အများကြီး ကြိုးစားကြည့်ဖူးတယ်”

“Relationship တွေရော၊ စီးပွားရေးအလုပ်တွေရော၊ အနုပညာရေးတွေရော အစုံပေါ့နော်။ ဒါပေမယ့်မရတဲ့ အရာတွေ များတယ်။ နောက်ပိုင်း အသက်ရလာတဲ့အချိန်ကျတော့ တရားနဲ့ပဲ ဖြေတယ်။ ဖြစ်ချိန်တန်ရင်ဖြစ်တယ်။ ပျက်ချိန်တန်ရင် ပျက်တယ်။ ဘာကိုမှတရားသေ မသတ်မှတ်ထားဘူး” လို့ နိုင်းဝမ်းကပြောပါတယ်။

အသက်ငယ်စဉ်က လက်တည့်စမ်းကာ ဖြစ်ချင်တာတွေကို မရရအောင် လုပ်ကြည့်ခဲ့တာတွေကိုလည်း အခုအချိန်မှာတော့ ဘာသာရေးနဲ့ ပြန်ဖြေတာကြောင့် နေရထိုင်ရတာ အေးချမ်းတယ်လို့ ဆိုပါတယ်။

“အရင်ကတော့ ဟိုလက်တည့်စမ်း၊ ဒီလက်တည့်စမ်းနဲ့ ကိုယ်ဖြစ်ချင်တာတွေကို မရရအောင် လိုက်လုပ်ယူကြည့်ဖူးတယ်။ အသက်အရွယ်ရလာတော့ ကျရှုံးတာတွေ ပြီးတော့ခံစားရတာတွေ အများကြီးပေါ့နော်။ ထင်တာတွေဖြစ်မလာတော့ ဘုရားတရားလုပ်ရင်းနဲ့ပဲ စိတ်ဖြေတယ်။ ဘာပဲဖြစ်ဖြစ် သိပ်မခံစားရတော့ဘူး။ ဘယ်ကိစ္စပဲဖြစ်ဖြစ် ဘာသာရေးနဲ့ပဲ ပြန်ထိန်းတယ်။ အဲ့တော့ နေရထိုင်ရတာ အေးချမ်းပါတယ်” လို့ နိုင်းဝမ်းက ပြောပါတယ်။

တရားဘောင်ထဲဝင်ဖို့ စိတ်ကူးလည်း ရှိပြီး အမြဲတမ်းလည်း စီစဉ်မထားဘဲ သာသနာ့ဘောင်ထဲဝင်ဖြစ်တယ်လို့ သိရပါတယ်။

“တရားစခန်းတွေ၊ ဘာတွေလည်း ဝင်ဖြစ်တယ်။ မနှစ်ကဆိုလည်း ၁ လကျော်လောက် ဘုန်းကြီးဝတ်ဖြစ်တယ်။ မထွက်ချင်ဘူး။ အလုပ်တွေ လက်ခံထားလို့ ထွက်လာတာ။ စီစဉ်မထားဘူး။ စိတ်ထဲမှာ သာသနာ့ဘောင်ဝင်ချင်တဲ့ စိတ်ဖြစ်လာရင် သွားဝင်လိုက်တာပဲ။ ပျော်နေရင်လည်း မထွက်တော့ဘူး”လို့ နိုင်းဝမ်းက ပြောပါတယ်။

သီချင်းများဆိုလာခဲ့တာဟာ ၂၀၀၂ ခုနှစ်မှစတင်ကာ ဆိုလာခဲ့တာဖြစ်တဲ့အတွက် အခက်အခဲက အခုအချိန်ထိ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

“၂၀၀၂ ကနေ အခု ၂၀၁၉ ဆိုတော့ ၁၈နှစ်လောက်ဖြစ်သွားပြီဆိုတော့ ပြောလို့မကုန်ပါဘူး။ ၁၈နှစ်စာလောက်ပြောရမယ်။ အခက်အခဲကတော့ ဟိုးအရင်ကတည်းက ရှိလာတာ။ အခုအချိန် မရှိတော့ဘူးလားဆိုတော့လည်း မဟုတ်ပါဘူး။ အခုအချိန်ထိ ရှိနေတုန်းပဲ။ နှစ်ပေါင်းများစွာရဲ့ အခက်အခဲက ပြောပြလို့ မကုန်ဘူး။ အခက်အခဲ ဆိုတာကတော့ လူတိုင်းမှာရှိမှာပါ” လို့ နိုင်းဝမ်းက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တေးရေးဝေကြီးနဲ့အတူ ပေါင်းစပ်ပြီးရေးသားထားတဲ့ “ချစ်ကြိုက်ကွဲမညား” ဆိုတဲ့ သီချင်းအသစ်တပုဒ်ကို ဂျူဝယ်လ်နဲ့အတူ သီဆိုထားတဲ့သီချင်းကို အွန်လိုင်းပေါ်မှတဆင့် တင်ထားပါတယ်။

နိုင်းဝမ်းရဲ့သီချင်းတော်တော်များများက လူငယ်တွေကြားထဲမှာ ရေပန်းစားခဲ့ပြီး တကိုယ်တော်အခွေ မထွက်ရသေးတဲ့အတွက် ပရိသတ်အတွက် တကိုယ်တော်အခွေတခွေလုပ်ပေးဖို့အတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading