အသည်းကွဲသီချင်း တော်တော်များများကို ရေးသားသီဆိုလေ့ ရှိတာကြောင့် အမြဲတမ်း အသည်းကွဲနေတယ်လို့ အထင်ခံရတတ်တဲ့ အဆိုတော် Mary ကတော့ အချစ်နဲ့ပတ်သက်ရင် အနစ်ခံပေးဆပ်ပြီးချစ်တယ်လို့ ပြောပါတယ်။
“Mary က အပြင်မှာလည်း အားလုံးကို ချစ်ပါတယ်။ အချစ်နဲ့ ပတ်သက်ရင် ကံကောင်းတဲ့ထဲလည်း မပါ၊ ကံဆိုးတဲ့ထဲလည်း မပါဘူး။ ကောင်းတလှည့်၊ ဆိုးတလှည့် ဆိုတော့ ချစ်ရင်လည်း အရမ်းချစ်တယ်။ အသည်းကွဲရင်လည်း အရမ်းကွဲတယ်။ ၂ ခုစလုံးက Mary အတွက်ရေးရတာ အရမ်းလွယ်တယ်။ အဓိကက မလွယ်တာ အပေါ်စီးက နေရတဲ့နေရာတွေမှာသာ မလွယ်တာ။ များသောအားဖြင့် ချစ်ရင်အနစ်နာခံပြီး ပေးဆပ်တာများတယ်” လို့ Mary က ပြောပါတယ်။
သူမရဲ့ အသည်းကွဲသီချင်းတွေကြောင့် တချို့စုံတွဲတွေဆို ပြဿနာ တက်ကြရတဲ့အတွက် နောက်ထပ် သီချင်းအသစ်တွေကို တယောက်နဲ့တယောက် အရမ်းချစ်တဲ့အကြောင်းတွေ ရေးထားတယ်လို့ သိရပါတယ်။
“ပရိသတ်တွေက တချိန်လုံး အသည်းကွဲနေရတယ်။ ချစ်ကြတဲ့သူတွေလည်း ရှိကြမှာပဲ။ ကိုယ့်သီချင်းတွေနဲ့ ပျော်နေတဲ့ စုံတွဲတွေတောင် ထ Feel ကုန်ကြတယ်။ အဆင်ပြေနေရင်း ကိုယ့်သီချင်းနဲ့ ထ Feel တော့ ပြဿနာတွေ တက်ကြတယ်ပေါ့။ တယောက်နဲ့ တယောက်က ကံဆုံမှ ချစ်ကြရတယ်”
“တယောက်နဲ့ တယောက်က ကံပါလာတာဖြစ်တဲ့အတွက် ဘုရားကပေးတဲ့ ချစ်သူ ရည်းစားတွေကို Appreciate ဖြစ်တယ်။ ချစ်တဲ့အကြောင်းတွေ ပုံမှန်ဆို စကားမှာ ထည့်ပြောဖို့ ခက်တဲ့အရာတွေကို သီချင်းမှာ ထည့်ပေးသွားချင်တယ်။ Mary ကို ၂၀၂၀ မှာ တခြား ကာရိုက်တာနဲ့ တွေ့ရမယ်” လို့ Mary ကပြောပါတယ်။
တချို့ကတော့ Mary အသည်းကွဲသီချင်းတွေ ဆိုတာကို အရက်မူးပြီးဆိုတယ်လို့ အထင်ခံရတာတွေရှိခဲ့ပြီး အရမ်းချစ်တဲ့ သီချင်းတွေလည်း ရေးသားနေတာ ၃ ပုဒ်ရှိပြီလို့ သိရပါတယ်။
“Mary မန်နေဂျာတောင် ပြောတယ်။ သူက ဝိုင်တွေ ဘာတွေ ကြိုက်တယ်။ သူကဝိုင်တွေ ဘာတွေသောက်ရင် Mary က ဖာလူဒါတွေ စားနေတာ။ နင်လည်း အရက်သောက်တယ်ထင်ခံရတာ နည်းတဲ့ဝဋ်ကြွေးလားတဲ့။ နောက်ပိုင်းမှာ အချစ်အကြောင်းတွေ ရေးထားတယ်။ အခုတော့ ၃ ပုဒ်လောက် ရေးပြီးပြီ။ နောက် ၁ ပုဒ် ကျန်သေးတယ်။ သွင်းတာတော့ ပထမတပုဒ် စလုပ်နေပြီ” လို့ Mary က ပြောပါတယ်။
အဆိုပါ အချစ်သီချင်းများကိုတော့ “ချစ်သူများနေ့”မတိုင်ခင်မှာ Mini Album အနေနဲ့ ထုတ်သွားမှာဖြစ်ပါတယ်။
“သီချင်းက ချစ်သူများနေ့မတိုင်ခင် သီချင်း ၄ ပုဒ် ထွက်မယ်။ လုံးဝ အချစ်အကြောင်းပဲ။ ချစ်သူကိုဘယ်လောက်ချစ်မလဲ၊ ချစ်သူကို ချစ်စမ်းဆိုတဲ့ အကြောင်းတွေပဲ။ ဘယ်လောက်မြတ်နိုးတယ် ဆိုတဲ့အကြောင်းတွေပဲ။ နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့နဲ့ ခါတိုင်းဆိုရင်က ကွဲတယ်ကွဲတယ်ဆိုတော့ တချိန်လုံးကွဲတယ်ထင်နေတယ်။ အရက်တွေသောက် ဘာညာ ထင်မယ်။ တကယ်တော့ အဲ့လို မဟုတ်ဘူး”လို့ Mary က ပြောပါတယ်။
Mary ကတော့ မကြာခင်မှာလည်း ပထမဆုံးသရုပ်ဆောင်တယောက်အနေနဲ့ ရုပ်ရှင်ဇာတ်ကားတကားကို ရိုက်ကူးနေပြီး ၂၀၂၀ မှာ ပုံစံအသစ်တွေနဲ့ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
You may also like these stories:
ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးတော့မယ့် အဆိုတော် Mary
တယောက်တည်းဖြစ်နေတဲ့အချိန် နားထောင်ပါဆိုတဲ့ Mary ရဲ့ “သန်းခေါင်ယံ အတွေးများ”