ကိုင်လီဂျန်နာ (Kylie Jenner) က သူရဲ့နာမည်ကျော် အလှကုန်ပစ္စည်းကုမ္ပဏီရဲ့ ဒေါ်လာ သန်း ၆၀၀ ဖိုးလောက်ရှိတဲ့ ရှယ်ယာအများစုကို ရောင်းချခဲ့ပေမယ့် သူဟာ ကုမ္ပဏီရဲ့ ဖန်တီးမှုဆိုင်ရာ ဦးဆောင်သူအဖြစ် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
နာမည်ကျော်ကြားသူ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင် ကိုင်လီဟာ သူပိုင်တဲ့ Kylie Cosmetics ရဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို CoverGirl အပါအဝင် နိုင်ငံတကာမှာ လူသိများတဲ့ အလှကုန်ပစ္စည်း တံဆိပ်တွေကို ပိုင်ဆိုင်တဲ့ နယူးယောက်အခြေစိုက် အလှကုန်ကုမ္ပဏီ Coty Inc ထံရောင်းချလိုက်တာလည်း ဖြစ်ပါတယ်။
အဲ့ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်မှုကြောင့် ကိုင်လီရဲ့ အလှကုန်ပစ္စည်းဟာ ကမ္ဘာ့ဈေးကွက်တွေအထိ ချဲ့ထွင် နိုင်မှာ ဖြစ်ပြီး အလှကုန်ပစ္စည်းသစ်ခေါင်းစဉ်အောက်ကို ဝင်ရောက်နိုင်မှာဖြစ်တယ်လို့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကိုင်လီက “အဲ့ဒီပူးပေါင်းဆောင်ရွက်မှုဟာ နိုင်ငံတကာ အလှကုန်ကုမ္ပဏီထဲမှာ Brand ကို တည်ဆောက်ပြီး ထုတ်ကုန် ပစ္စည်းတခုစီတိုင်းရဲ့ ဖန်တီးမှုနဲ့ တိုးတက်မှုအပေါ် ကျမနဲ့ ကျမရဲ့ အဖွဲ့အနေနဲ့ အာရုံဆက်စိုက်နိုင်ခွင့် ရစေမှာပါ” လို့ ဆိုပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ Follower အများဆုံး နာမည်ကျော်ကြားသူ ဖြစ်တဲ့ ကိုင်လီဂျန်နာရဲ့ အဖွဲ့ဟာလည်း ဖန်တီးမှုပိုင်းဆိုင်ရာနဲ့ ဆက်သွယ်ရေးပိုင်းကို ဆက်လက်ကိုင်တွယ်မှာ ဖြစ်ပါတယ်။ ကိုင်လီဟာ Instagram မှာ Follower မှာ သန်း ၁၅၀ ရှိနေပြီး Twitter မှာ Follower သန်း ၃၀ ရှိပါတယ်။
သူ့ရဲ့ အလှကုန်ပစ္စည်းကလည်း လွန်ခဲ့တဲ့နှစ်အတွင်းမှာ ဝင်ငွေ ဒေါ်လာ ၁၇၇ သန်းရခဲ့တယ်လို့ Coty ကုမ္ပဏီက ဆိုပါတယ်။ နှစ်ဖက်ကြား သဘောတူညီချက်ကို ၂၀၂၀ ပြည့်နှစ် တတိယ ၃ လပတ်ကာလမှာ ပိတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလိုမျိုး ပူးပေါင်းဆောင်ရွက်မှုဟာ ကုမ္ပဏီအတွက် အဓိကကျတဲ့ သမိုင်းမှတ်တိုင်လို့ Coty က ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ အစောပိုင်း ဈေးကွက်ထဲမှာတော့ Coty ရဲ့ စတော့ရှယ်ယာဟာ ၄ ရာခိုင်နှုန်း တက်သွားခဲ့ပြီး အခုနှစ်အတွက် ၉၀ ရာခိုင်နှုန်းတက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီလို နှစ်ဖက်ကြား သဘောတူညီချက်ကြောင့် သက်ငယ်ပိုင်း ဝယ်သူတွေအနေနဲ့ Glossier လိုမျိုး အလှကုန်ပစ္စည်းတွေကို တိုက်ရိုက်ရွေးချယ် ဝယ်ယူနိုင်ဖို့ တိုးတက်လာမှာ ဖြစ်ပြီး အနာဂတ်မှာ ကုမ္ပဏီရဲ့ ပုံရိပ်တိုးတက်ဖို့လည်း အထောက်အကူဖြစ်မှာဖြစ်တယ်လို့ ဆိုပါတယ်။
Ref: CNN