ဒါရိုက်တာ Christopher Nolan နဲ့ မင်းသား Christian Bale တို့အတူတကွ ပုံဖော်ခဲ့ကြတဲ့ Batman ရုပ်ရှင် ၃ ကားဟာ စူပါဟီးရိုးရုပ်ရှင် ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပြီး ဘယ်အချိန် ပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ ရုပ်ရှင်တွေပဲဖြစ်ပါတယ်။ Dark Knight Rises ရဲ့ နောက်ဆက်တွဲရုပ်ရှင်ကို အရင်က အောင်မြင်ခဲ့ဖူးတဲ့ပုံစံအတိုင်း Warner Bros. ကုမ္ပဏီ အနေနဲ့ ဆက်လက်ဆောင်ရွက်သွားဖို့ ဆန္ဒရှိနေပါတယ်။
မင်းသား Christian Bale ပါဝင်တဲ့ Batman ရုပ်ရှင်ဟာ ၂၀၀၅ ခုနှစ်မှာ Batman Begins နာမည်နဲ့ စတင်ခဲ့တာဖြစ်ပြီး Heath Ledger သရုပ်ဆောင်ခဲ့တဲ့ နာမည်ကျော် Joker ဇာတ်ကောင် ပါဝင်တဲ့ The Dark Knight ကတော့ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။
အဲဒီနှစ်မှာပဲ မင်းသား Heath Ledger ဟာ Joker ဇာတ်ကောင်နေရာအတွက် အကောင်းဆုံးဇာတ်ပို့ဆုကို ရရှိခဲ့တာဖြစ်ပြီး ၂၀၁၂ခုနှစ်မှာတော့ Dark Knight Rises ရုပ်ရှင် ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဒါရိုက်တာ Christopher Nolan နဲ့ Christian Bale တို့ Batman ရုပ်ရှင်တိုင်းကို ရိုက်ကူးတဲ့အခါမှာ တကားချင်းစီကို နောက်ဆုံးအနေနဲ့ ယူဆထားကြတာဖြစ်ပြီး မထင်မှတ်ဘဲ အောင်မြင်မှုတွေ ရရှိခဲ့တာဖြစ်တဲ့အတွက်ကြောင့် ၃ ကားမြောက်အထိ ဆက်လက် ရိုက်ကူးနိုင်ခဲ့တာဖြစ်တယ်လို့ Christian Bale က အင်တာဗျူးတခုမှာ ဖြေကြားခဲ့ဖူးပါတယ်။
အနုပညာအရရော ငွေကြေးအရပါ အောင်မြင်မှုရရှိခဲ့တဲ့ Batman ရုပ်ရှင် ၃ ကားနဲ့တင် Warner Bros. ကုမ္ပဏီအနေနဲ့ မကျေနပ်နိုင်သေးဘဲ ဒါရိုက်တာ Christopher Nolan ကိုရော Christian Bale ကိုပါ စတုတ္ထမြောက် Batman ရုပ်ရှင်အတွက် ကမ်းလှမ်းခဲ့ပေမယ့် Christian Bale ဘက်ကတော့ ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။
ရုပ်ပြစာအုပ်ကို ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးရာမှာ Batman Begins ဟာ နှစ်ကာလတွေရဲ့ အချိန်ကို တိုက်စားခံနိုင်ခဲ့တာဖြစ်ပြီး ကြည့်ရှုသူ ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကို ရရှိနေဆဲပဲဖြစ်ပါတယ်။
Ref. wegotthiscovered.com