ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ၂၀၁၄ ခုနှစ်ကစပြီး ၂၀၁၇ ခုနှစ်အထိ လုပ်ဆောင်ခဲ့ လူမင်းဟာ ဥက္ကဋ္ဌ တာဝန်မှ အနားယူခဲ့တဲ့ ဦးဇင်ဝိုင်းကို ကိုယ်ချင်းစာတယ်လို့ ဆိုပါတယ်။
“အစည်းအရုံး ဥက္ကဋ္ဌ နေရာနဲ့ ပတ်သက်ပြီးတော့ လူတယောက်ရဲ့အကြောင်းက ကာယကံရှင်လောက် ဘယ်သူမှ မသိနိုင်ပါဘူး။ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ တယောက်နေရာက ပြောရမယ်ဆိုရင်လည်း ကိုယ်ချင်းစာပါတယ်။ အင်မတန်မှ တာဝန်ကြီးပြီးတော့ စိတ်ဖိစီးမှု အင်မတန်များတဲ့နေရာ၊ လုပ်ရကိုင်ရတာ တကယ်ခက်တဲ့နေရာ ဒီလိုဖိစီးမှုတွေကြောင့် ဦးဇင်ဝိုင်း အနားယူသွားတယ်လို့ပဲ ထင်ပါတယ်”
“ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ပြန်လုပ်ဖို့တော့ အစီအစဉ် မရှိပါဘူး။ ကျနော် လုပ်မယ်လို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ အချိန်တုန်းကတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်မယ်ဆိုတဲ့ စိတ်နဲ့ ဆုံးခန်းတိုင်အောင် ကျနော် လုပ်ခဲ့ပါတယ်။ ကျနော် လုပ်နိုင်သလောက် လုပ်ပြီးပြီဆိုရင်တော့ ပြန်လုပ်ဖို့ စိတ်ကူးမရှိတော့ပါဘူး”လို့ လူမင်းက ပြောပါတယ်။
ဒါ့အပြင် “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးနေတဲ့ လူမင်းက ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီးလည်း အခုချိန်မှာ ဖြေရှင်းဖို့ မလိုဘူးလို့ ဆိုပါတယ်။
“အောင်ဆန်း ရုပ်ရှင်ကတော့ ရာခိုင်နှုန်းအရ ပြောရရင် ၅ ပုံမှာ ၁ ပုံလောက် ပြီးသွားပါပြီ။ အခုလည်း ဆက်ရိုက်နေတုန်းပါပဲ။ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး အခုချိန်မှာတော့ ဖြေရှင်းဖို့ မလိုဘူးလို့ ကျနော် ယူဆပါတယ်။ ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားပါလို့ပဲ ပြောပါရစေ”လို့ လူမင်းက ပြောပါတယ်။
မကြာခင် ရုံတင်ပြသမယ့် “ကိုကိုငလက်မ” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အကြောင်းကိုလည်း လူမင်းက အခုလိုပဲ ပြောပါတယ်။
“အခုရုပ်ရှင်တွေက တကားပြီး၊ တကား အသစ်တွေ တင်နေတာဆိုတော့ ပရိသတ်ကို ပွဲပန်းမှာလည်း စိုးတယ်။ ကိုကိုငလက်မဆိုတဲ့ ကားလေးကလည်း ရိုက်ထားတာ နည်းနည်းကြာပြီ။ ရုံတင်ရက် ရဖို့ကိုလည်း အများကြီး စောင့်မျှော်ခဲ့ရတယ်။ ရုံတင်ရက်ရပြီဆိုတော့လည်း မြန်မာရုပ်ရှင်မှာ ဇာတ်ကားအမျိုးအစား၊ ဇာတ်လမ်းအမျိုးအစား အများကြီးတော့ရှိမှာပေါ့။ ဒီ ကိုကိုငလက်မက ဟာသနဲ့ ကလေးပရိသတ်တွေကို ရည်ရွယ်ပြီးရိုက်ထားတဲ့ ကားလေး ဖြစ်ပါတယ်”
“ရုံတင်ကြာသွားတာကိုတော့ စိုးရိမ်မှု မရှိဘူး။ မြန်မာရုပ်ရှင်လောကရဲ့ ၉၈ ရာခိုင်နှုန်းက ရိုက်ထားပြီးကြာနေတဲ့ ကားတွေ များတယ်။ တချို့ Update Plot တွေကျတော့ စိုးရိမ်စရာ ရှိပေမယ့် ဒီလိုကားမျိုးကျတော့ Plot လည်း တခြား ကားတွေနဲ့ မတူနိုင်ဘူး။ ရုံတင်ခွင့်ရတာကိုပဲ ဝမ်းသာရတဲ့ အနေအထားပါ။ မြန်မာရုပ်ရှင်မှာ ကလေးပရိသတ်တွေအတွက် ဦးတည်ရည်ရွယ်ပြီး ရိုက်ပြတဲ့ ကားတွေက မရှိသလောက်ရှားတယ်။ အဲ့အတွက် ဒီကားလေးကို ကြိုက်ကြမယ်ထင်ပါတယ်”လို့ လူမင်းက ပြောပါတယ်။
အဆိုပါ “ကိုကိုငလက်မ” ရုပ်ရှင်ကို ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးပြီး သရုပ်ဆောင်များ အဖြစ် လူမင်း၊ ရာဇာနေဝင်း၊ ထွန်းထွန်း၊ စိုးမြတ်သူဇာ၊ သဉ္ဇာနွယ်ဝင်းနဲ့ သရုပ်ဆောင်များစွာ ပါဝင်ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ရုံတင် ပြသသွားမှာ ဖြစ်ပါတယ်။