နယူးယောက်က Times Square မှာ မွေးနေ့ဆုတောင်း ပေးခံရတဲ့ မင်းသမီး ဆောင်းဟေဂို
မင်းသမီး ဆောင်းဟေဂိုရဲ့ မွေးနေ့အတွက် ရည်ရွယ်ပြီး သူမ ပရိသတ်တွေက နယူးယောက်မှာရှိတဲ့ Times Square ရင်ပြင်မှာ အထူးလက်ဆောင် ပြင်ဆင်ပေးထားပါတယ်။ နိုဝင်ဘာ ၁၇ ရက်ကနေ မွေးနေ့ နိုဝင်ဘာ ၂၂ ရက်ထိ ရင်ပြင်မှာ မွေးနေ့ဆုတောင်းကြော်ငြာ တင်ပေးခဲ့တာပါ။
အရင်ကတော့ နိုင်ငံတကာ ပရိသတ်တွေက K-pop Idol တွေအတွက် အခုလို ဆုတောင်းပေးခဲ့ကြဖူးပေမယ့် ဆောင်းဟေဂိုကတော့ ကိုရီးယားအနုပညာရှင် မင်းသမီးတွေထဲမှာတော့ Times Square ရင်ပြင်မှာ ပထမဆုံး မွေးနေ့ဆုတောင်း ပေးခံရသူ ဖြစ်လာခဲ့ပါတယ်။
ဒီနှစ်အတွက် ထူးထူးခြားခြား မွေးနေ့ဆုတောင်းကို ရင်ပြင်က အကြီးဆုံး Jumbo screen မှာ တင်ဖို့အတွက် သူမရဲ့ နိုင်ငံတကာ ပရိသတ်တွေရော၊ ကိုရီးယားနိုင်ငံက ပရိသတ်တွေပါ အတူပူးပေါင်း လုပ်ပေးခဲ့ကြတာပါ။ ဆောင်းဟေဂိုဟာ နိုဝင်ဘာ ၂၂ ရက်၊ ၁၉၈၁ ခုနှစ်မှာ မွေးဖွားတာကြောင့် ဒီနှစ်ထဲ အသက် ၃၈ နှစ် ပြည့်မှာ ဖြစ်ပါတယ်။
ဆောင်းဟေဂိုရဲ့ နာမည်ကျော်လူကြိုက်များခဲ့တဲ့ “Descendents of the Sun” နဲ့ “Encounter” လို ဇာတ်လမ်းတွဲ တွေကြောင့် ၂၀၁၈ ခုနှစ် Forbes မဂ္ဂဇင်းကထုတ်ပြန်တဲ့ ကိုရီးယားနိုင်ငံက သြဇာအကြီးမားဆုံး အနုပညာရှင်တွေထဲမှာ အဆင့် ၆ ရှိခဲ့ပါတယ်။
အိမ်ထောင်ရေး ကွာရှင်းပြတ်စဲပြီးနောက်ပိုင်း ဖက်ရှင်ပွဲတက် အလုပ်ကလွဲလို့ တခြား အနုပညာအလုပ်တွေကို ဒီနှစ်ကုန်ထိ အနားယူမယ်လို့ ဆိုခဲ့ဖူးပေမယ့် လက်ရှိမှာတော့ နယူးယောက်မှာလည်း အနုပညာသင်တန်း တက်ရောက်ဖို့ ရှိသလို ဇာတ်ကားအသစ် လက်ခံရိုက်ကူးဖို့အတွက်လည်း ဇာတ်ညွှန်းတွေဖတ်နေပြီလို့ ဆိုပါတယ်။
လတ်တလောမှာ နိုဝင်ဘာလဆန်းပိုင်းက ခင်ပွန်းဟောင်း မင်းသား ဆောင်ဂျွန်ကီနဲ့ ဇာတ်ကား အတူ တွဲရိုက်မယ်လို့ ကောလာဟလ သတင်းတွေ ထွက်လာပေမယ့် ပြန်လည် ဖြေရှင်းခြင်း မရှိခဲ့ပါဘူး။ မင်းသား ဆောင်ဂျွန်ကီကတော့ “Arthdal Chronicles” ဇာတ်လမ်းတွဲနောက်ပိုင်း မင်းသမီး Kim Tae Ri နဲ့ သိပ္ပံရုပ်ရှင် ဇာတ်ကားသစ် ရိုက်ဖို့ ရှိနေပါတယ်။
Ref: Devdiscourse
You may also like these stories:
ဆောင်းဂျီဟို ပါဝင်လာမယ့် ဒရာမာအသစ်ကို ၂၀၂၀ ပြည့်နှစ်မှာ ပြသဖို့ရှိ
ဖိနပ်ကြော်ငြာမှာ ညှို့အားပြင်းအလှကို ဖော်ပြခဲ့တဲ့ မင်းသမီး ဆောင်းဟေဂို
ဆောင်းဟေဂိုနဲ့ ကွာရှင်းပြီးနောက် ဆောင်းဂျွန်ကီထံ ကြော်ငြာ ကမ်းလှမ်းမှုများ ကျဆင်း
ကိုရီးယား အမျိုးသားလွတ်မြောက်ရေးနေ့မှာ သမိုင်းပညာသင်ကြားရေး လမ်းညွှန်စာအုပ်များ ဆောင်းဟေဂို လှူဒါန်း