Entertainment

မင်းသား စွမ်းဇာနည်ရဲ့ ငွေကြေးကိစ္စတွေကို ညှိနှိုင်းပေးနေတဲ့ ဇာတ်မင်းသား ဖိုးချစ်

ဇာတ်သဘင်လောကမှာ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရ ရှိထားသလို သဘင်အစည်းအရုံး ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဇာတ်မင်းသား ဖိုးချစ်က မင်းသား စွမ်းဇာနည်ရဲ့ ပြဿနာမှ မဟုတ်ဘဲ သဘင်နဲ့ ပတ်သက်တဲ့ ပြဿနာ အားလုံးကို ပါဝင်ဖြေရှင်း ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။

“ကျနော်တို့က စွမ်းဇာနည်ရယ်လို့ မဟုတ်ပါဘူး။ သဘင်နဲ့ ပတ်သက်တဲ့ သဘင်မိသားစုတွေ အကုန်လုံး ဘာလေးပဲ အဆင်မပြေဖြစ်ဖြစ် ကျနော်တို့ပါဝင် ဖြေရှင်းခဲ့တယ်။ ကျနော်က အဲ့ဒီမှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ တယ်လီဖုန်း ၂ ကြိမ်ပြောပြီး ညှိနှိုင်းပါတယ်”

“အဲဒီ မတိုင်ခင်မှာလည်း အဖွဲ့သူ၊ အဖွဲ့သားတွေ အန္တရာယ် မဖြစ်ဘဲ ကိုယ်နေရာ ကိုယ်ပြန်ရောက်ခဲ့ကြတယ်။ နန်းတော်ရာ ရပ်ကွက်သူ ရပ်ကွက်သားတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အသိအမှတ် ပြုပါတယ်။ တန်ဖိုးလည်း ထားပါတယ်။ ငွေကြေးကိစ္စတွေလည်း ညှိနှိုင်းနေပါတယ်”လို့ သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဖိုးချစ်က ပြောပါတယ်။

ဆက်လက်ပြီး မင်းသား စွမ်းဇာနည် ဇာတ်မကဖြစ်ဘဲ ပွဲကို ပျက်ကွက်ခဲ့ရတဲ့ အကြောင်းရင်းကတော့ မင်းသားရဲ့ ကျန်းမာရေးကြောင့်လို့ ဖိုးချစ်က ဆိုပါတယ်။

“ဇာတ်အဖွဲ့တွေ မကဖြစ်ဘဲ ပျက်ကွက်တာက ဒီတကြိမ်တည်းလည်း မဟုတ်ပါဘူး။ အခက်အခဲဆိုတာ ရှိကြပါတယ်။ ဒီပွဲက သိန်း ၅၀ ပေးထားတာကို နောက်ပွဲက သိန်း ၂၀၀ ပေးလို့ သူက ငွေကြေးနောက်လိုက်သွားတယ်ဆိုရင်တော့ တမျိုးပေါ့။ အခုက ဇာတ်ပစ္စည်းတွေ ပြင်ဆင်ပြီး မှ မင်းသား ကျန်းမာရေး မကောင်းလို့ ရောက်မလာတာပါ။ အဲဒီတော့ ငွေကြေးကိစ္စတွေ ညှိုနှိုင်းနေတယ်။ ဖြေရှင်းလို့တော့ အဆင်ပြေမှာပါ။ မင်းသားကတော့ လောလောဆယ် ဆေးရုံတက်နေပါတယ်”လို့ ဖိုးချစ်က ပြောပါတယ်။

ဖိုးချစ်အနေနဲ့ မန္တလေးအနုပညာစင်တာမှာ တာဝန်ယူဖို့ရှိသလို၊ သဘင်လောကအတွက် ဝမ်းသာစရာ သတင်းတွေ ရှိနေတဲ့အကြောင်းကိုလည်း အခုလို ပြောပြပါတယ်။

“ကျနော်တို့က ပရိသတ်ချစ်မှ ရပ်တည်လို့ရတဲ့ သူတွေပါ၊ ကျနော်တို့က မှီခိုသူ၊ ပရိသတ်တွေက မှီခိုခံပေါ့။ ကိုယ် မှီခိုရတဲ့သူတွေ စိတ်ချမ်းသာဖို့ လိုတယ်။ ပရိသတ်ကိုတော့ အလေးထားရမှာပါ။ ကျနော်တို့တွေ တယောက်နဲ့ တယောက် ခံယူတာချင်းကတော့ မတူနိုင်ပါဘူး။ နားလည်ပေးစေချင်တာက အနုပညာလုပ်တဲ့ သူအားလုံးကလည်း လူသားတွေ ဖြစ်တဲ့အတွက် လူသားတယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ခံစားမှုတွေ ရှိကြပါတယ်။ ဒါကို ပရိသတ်တွေက နားလည်ပေးနိုင်ဖို့ လိုပါတယ်”

“နောက်တခုက အော်ပရာနဲ့ ပတ်သက်တဲ့ ဇာတ်ရုံအတွက် မြေနေရာအကြောင်းပါ။ ပုဂံက လူငယ်တယောက် ကျနော်နဲ့လည်း တအား ရင်နှီးတယ်။ အဲဒီမိတ်ဆွေက သူဆောက်နေတဲ့ ဟိုတယ်ဘေးမှာ ကျနော်လိုသလောက် ခွင့်ပြုချက်ကျပြီးသား မြေနေရာကို ပေးတယ်။ ကျနော်လည်းသွားကြည့်ပြီးပြီ။ မြေပြင်ပေါ်မှာ ကပြရတဲ့ အော်ပရာအတွက်လုပ်နေပါတယ်။ သဘင်လောကအတွက် အများကြီးကောင်းလာဖို့တွေ ရှိပါတယ်”လို့ ဖိုးချစ်က ပြောပါတယ်။

ဇာတ်မင်းသား ဖိုးချစ်ဟာ လက်ရှိ မြန်မာ့ဇာတ်သဘင် လောကမှာ ပရိသတ်များရဲ့ တခဲနက် အားပေးမှုကို ရရှိနေတဲ့ ဇာတ်မင်းသား တဦးဖြစ်သလို၊ ဇာတ်သဘင်လောကနဲ့ ပတ်သက်တဲ့ အကျိုးပြုလုပ်ငန်းတွေကိုလည်း ကြိုးစားဆောင်ရွက်နေသူ ဖြစ်ပါတယ်။

You may also like these stories:

စွမ်းဇာနည်ကို စိတ်ဆိုးနေတဲ့ ပရိသတ်တွေကို သူ့အစား တောင်းပန်လိုက်တဲ့ ဟန်ဇာမိုးဝင်း

Loading