Entertainment

စိုင်းစိုင်းခမ်းလှိုင်၊ ဖြိုးငွေစိုးတို့နဲ့ အတူ ဇာတ်ကားရိုက်ဖို့ ရှိတဲ့ သက်မွန်မြင့်

ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီး သက်မွန်မြင့်ကတော့ ဒီလထဲမှာကော၊ ရှေ့လထဲမှာပါ သူပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားများ ရုံတင်ဖို့ ရှိနေပြီး ၄ ကားဆက်တိုက် တင်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

“သက်မွန်ကားတွေ ရုံမတင် မတင်နဲ့၊ တင်တော့လည်း ၄ ကားဆက်တိုက် ဖြစ်နေတယ်။ အရင်တုန်းကတော့ ၁ လကို ၁ ကားပဲ ရိုက်မယ်လို့ သတ်မှတ်ဖူးတယ်။ ဒါပေမယ့် တကယ်တမ်းကျရင် အဆင်မပြေဘူး။ လာငှားတဲ့အချိန်မှာ ကိုယ်မကြိုက်တဲ့ ဇာတ်ဆိုရင် ကိုယ်ငြင်းလိုက်တယ်။ အဲဒီအခါကျရင် ၁ လ နောက်ဆုတ်သွားတယ်။ ရိုက်မလို့ တည်ပြီးမှ ထုတ်လုပ်ရေးပိုင်းက အခက်အခဲကြောင့် ပျက်သွားတာမျိုး ရှိတယ်”

“အခုတော့ ကိုယ်ရိုက်ချင်တဲ့ ဇာတ်မျိုးကို အကုန်ညှိပြီးတော့ ရိုက်လိုက်တာပဲ။ စိုင်းစိုင်း၊ ဖြိုးငွေစိုးတို့နဲ့ ရိုက်ဖို့ အပြောင်းအလဲလေးတွေ ဖြစ်နေတော့ ရိုက်ဖို့ ရက်တွေတော့ ရွှေ့ထားတယ်။ ရိုက်ရရင်တော့ ပျော်စရာကြီး ဖြစ်နေမှာ။ သူတို့နဲ့ဆို နည်းနည်းပဲ ပါပါ၊ များများ ပါပါ ရိုက်ချင်တယ်။ ဇာတ်ပြချိန်မှာ အရမ်းသဘောကျတဲ့အတွက် အဲ့ကားလေးကိုတော့ စိတ်အားထက်သန်နေပြီ”လို့ သက်မွန်မြင့်က ပြောပါတယ်။

မကြာခင် ရုံတင်မယ့် “ဗိုလ်နေတိုး” ဇာတ်ကားမှာ နေတိုးရဲ့မိန်းမဖြစ်သူ နေရာက ပါဝင် သရုပ်ဆောင်ထားတဲ့ သက်မွန်မြင့်က ၁၉၈၀ နှစ်တုန်းက ကားအဟောင်းကို တောင်တက်တောင်ဆင်း မောင်းခဲ့ရတာကြောင့် တော်တော်ကြောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ဗိုလ်နေတိုးကားမှာ ချစ်ခြင်းမေတ္တာတွေလည်း ပါတယ်။ အကြမ်းအက်ရှင်တွေလည်း ပါတယ်။ ပညာပေးတွေလည်း ပါတယ်။ ရသစုံပေါ့။ ပရိသတ်တွေ ကြိုက်မယ်လို့ ထင်ပါတယ်။ ကိုနေတိုးရဲ့ မိန်းမနေရာက သရုပ်ဆောင်ထားပါတယ်။ ၁၉၈၀ တုန်းက ကားအဟောင်း တောင်တက် တောင်ဆင်းလည်း မောင်းရတော့ စိတ်ထဲမှာ တာဝန် အရမ်းကြီးတယ်။ နောက် ကိုယ်တယောက်တည်း မောင်းတာ မဟုတ်တော့ သူတို့ အသက်က ကိုယ့်လက်ထဲမှာ ဆိုတော့ တော်တော်တော့ ကြောက်တယ်”လို့ သက်မွန်မြင့်က ပြောပါတယ်။

ကလေးနှစ်ယောက်ရဲ့ မိခင်ဖြစ်သူ သက်မွန်မြင့်ကတော့ သားလေး အားချစ်အတွက် သီချင်း တပုဒ် ဆိုခဲ့ဖူးပြီး သမီးအတွက်တော့ မဆိုပေးရသေးလို့ သမီးအပေါ် အကြွေးတင်နေတယ်လို့ ဆိုပါတယ်။

“သားလေးတုန်းက သီချင်းဆိုပေးဖြစ်တယ်ဆိုပြီး ကလေးတွေ အဖေနဲ့ ပြောဖြစ်တယ်။ ငါတို့တွေ အရမ်းလိုတယ်ပေါ့။ သားအတွက် ဆိုထားတာဆိုတော့ သမီးရှေ့မှာ အဲ့သီချင်းကို မဖွင့်ပြရဲဘူး။ အငယ်လေး ခံစားရမှာစိုးလို့ မဖွင့်ရဲဘူး။ ဖွင့်ခိုင်းတာနဲ့ ဖွင့်ပြလိုက်တာ ဒုက္ခပဲ။ သမီးအတွက် သီချင်း မလုပ်ရသေးဘူးပေါ့။ တော်တော်ပေါ့တယ်လို့ ပြောနေတာ။

လဝန်းက လိုက်ဆိုနေတာ သားနေရာမှာ သမီးထည့်ပြီး အကုန်လိုက်ဆိုတာ သူ့ကို ကြည့်ပြီး ငါ အဲ့လို စိတ် ရှိရမှာ။ ငါသာ သမီးနေရာမှာဆိုရင် ကိုယ့်နာမည် မပါလို့ ဝမ်းနည်းမိမှာလို့။ သမီးက ဝမ်းမနည်းတဲ့အပြင် လိုက်ဆိုသွားတယ်။ သမီးအတွက် အကြွေးတခု တင်နေတယ်။ ကိုယ့်အသံ ကိုယ်ကြားရင် အားမရလို့ မဆိုရဲတော့ဘူး။ သမီးအတွက် သီချင်းလေးကလည်း သူ့အဖေရေးမှာ။ သားတုန်းကလည်း သားအတွက် သီချင်းကို ကလေးတွေ အဖေရေးတာ”လို့ သက်မွန်မြင့်က ပြောပါတယ်။

သရုပ်ဆောင် သက်မွန်မြင့်ကတော့ အကယ်ဒမီ ၂ ဆု ရရှိထားပြီး ချစ်စရာကောင်းတဲ့ သားလေး အားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာ မိသားစု ဘဝလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။

You may also like these stories:

ကိုယ်တိုင် နေမကောင်းဖြစ်နေချိန်မှာ သားသမီးတွေအတွက် စိုးရိမ်ခဲ့ရတဲ့ သက်မွန်မြင့် 

“ဥပါယ်တံမျဉ်” ကားကို အကယ်ဒမီဆု တဆုတော့ ရစေချင်တဲ့ သရုပ်ဆောင် သက်မွန်မြင့်

Loading