မကြာသေးခင်တုန်းက “Joker” ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်း ဖန်တီးနေပြီ ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ်။ The Hollywood Reporter မီဒီယာရဲ့အဆိုအရ ဒါရိုက်တာ Todd Phillips ဟာ ဝင်ငွေ ဒေါ်လာ ၁ ဘီလီယံကျော် ရရှိခဲ့ပြီးဖြစ်တဲ့ R-rated ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းမှာ ဒါရိုက်တာအနေနဲ့ ပြန်လည် ပါဝင်လာမှာ ဖြစ်ပြီး Scott Silver က ဇာတ်ညွှန်းရေးသားပေးမှာလို့ ဖော်ပြခဲ့ပါတယ်။
ပရိသတ်တွေကတော့ မင်းသား Joaquin Phoenix ကို စိတ္တဇဆန်တဲ့ ဗီလန်ဇာတ်ကောင်အဖြစ် ထပ်မြင်ရမယ့် အခြေအနေအတွက် ပျော်ရွှင်ခဲ့ကြပေမယ့် တခြားရုပ်ရှင် မီဒီယာတခုကတော့ မတူကွဲပြားတဲ့ သတင်းကို ဖော်ပြခဲ့ပါတယ်။
Deadline မီဒီယာရဲ့အဆိုအရ နောက်ဆက်တွဲ ရုပ်ရှင်အတွက် ဒါရိုက်တာ Phillips နဲ့ စေ့စပ်ညှိနှိုင်းနေတာရော၊ Silver က ဇာတ်ညွှန်းရေးသားပေးမယ်ဆိုတဲ့ သဘောတူညီချက်မျိုး မရှိသေးဘူးလို့ သိရပါတယ်။ သတင်းတွေထဲမှာတော့ ဒါရိုက်တာ Phillips က “Joker” ရုပ်ရှင် ဖြန့်ချိခဲ့ပြီးတဲ့နောက် Warner Bros. Pictures အုပ်စုရဲ့ ဥက္ကဋ္ဌကို DC ဇာတ်ကောင်တွေရဲ့ မူရင်းဇာတ်လမ်းတွေကို ထုတ်လုပ်ပေးဖို့ အကြံပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် Deadline မီဒီယာကတော့ အဲ့ဒီသတင်းတွေ မဟုတ် မမှန်တဲ့အကြောင်း ပြောဆိုထားပါတယ်။ Joker ရုပ်ရှင်ကို မူလက ဒါရိုက်တာကြီး Martin Scorsese က ရိုက်ကူးမယ်ဆိုတဲ့သတင်းထွက်ခဲ့ဖူးပေမယ့် နောက်တဆင့်မှာ ထုတ်လုပ်သူ အဖြစ် တာဝန်လျှော့ချသွားရာကနေ နောက်တော့ ကျပ်တည်းတဲ့ အချိန်ဇယားတွေကြောင့် ရိုက်ကူးရေးကနေ နုတ်ထွက်ခဲ့ပါတယ်။
သတင်းတွေမှာ ဖော်ပြခဲ့သလို ဒါရိုက်တာ Phillips နဲ့ WB ဥက္ကဋ္ဌတို့ကြား ဆွေးနွေးပွဲက ပြုလုပ်ခဲ့ခြင်း မရှိခဲ့ဘူးလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒါ့အပြင် ဒါရိုက်တာ Phillips ကတခြား DC ဇာတ်ကောင် ရုပ်ရှင်တွေလို “Joker” ရုပ်ရှင်က နောက်ဆက်တွဲ ဇာတ်လမ်းတွေ မရိုက်ချင်ခဲ့ဘူးလို့ ဆိုပါတယ်။
DC Black ကနဦး အစီအစဉ်အတွက် “Joker” ရုပ်ရှင်ကို စဉ်းစားခဲ့ပေမယ့် တကားတည်းပြီးမြောက်အောင် ရိုက်ကူးဖို့သာ အာရုံစိုက်ခဲ့တယ်လို့ သိရပါတယ်။
အလားတူစွာပဲ Warner Bros. နဲ့ DC တို့ဟာ နောက်ထပ် ကာတွန်းဇာတ်ကောင်တွေအတွက် မူရင်း ဇာတ်လမ်းတွေကို ဒါရိုက်တာ Phillips ကနေ ဖန်တီးပေးစေဖို့ ပြောဆိုခဲ့ကြတယ်ဆိုတဲ့ သတင်းတွေ မဟုတ်ဘူးဆိုတာ Variety မီဒီယာက ပယ်ချခဲ့ပါတယ်။
DC ဟာ လောလောဆယ် အလုပ်များနေတာကြောင့် နောက်ထပ် ‘Joker’ ရုပ်ရှင်ဖြစ်လာမယ်ဆိုရင်တော့ နှစ်တချို့ အချိန်ယူရဦးမယ်လို့ ဆိုပါတယ်။ “Joker” ရုပ်ရှင်ဟာ ၂၀၁၉ ခုနှစ်အတွင်း သတ္တမမြောက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်ပြီး ကမ္ဘာ့ ရုံဝင်ငွေစာရင်းမှာ ဒေါ်လာ ၁ ဘီလီယံကျော် ဝင်ငွေခဲ့ရတဲ့ ပထမဆုံး R-rated ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။
Ref: aceshowbiz