Myanmar Idol Season 4 မှာ Top 11 အဖြစ်ပါဝင်ခဲ့တဲ့ နေလင်းကျော်ကတော့ Rock Week မှာလာရောက်ဖျော်ဖြေခဲ့တဲ့ အဆိုတော် သာဒီးလူရဲ့ စကားတခွန်းကြောင့် အလူးအလဲ ခံစားခဲ့ရတယ်လို့ ပြောပါတယ်။
“ကျနော်က ဒီမောင်နှမတွေ အကုန်လုံးကို စပြိုင်ကတည်းက အားပေးတယ်။ ကျနော်က ကျနော့်ကိုယ် ကျနော် အားအနည်းဆုံးလို့ ခံယူပြီးတော့ ဒီနေရာကို ရောက်လာတာ။ အားလုံးက သူ့နေရာနဲ့ သူကောင်းကြတယ်။ အခုဆိုရင်လည်း သူ့ပရိသတ်နဲ့သူရှိနေကြပြီ။ ကျနော်ကျတော့ Target Man ဖြစ်တော့ Cyber Bullying လုပ်ခံရတယ်”
“ကိုဒီး (သာဒီးလူ) ကလည်း ပြောသွားတာရှိတော့ အဲ့စကားတခွန်းကြောင့် အလူးအလဲ ခံလိုက်ရတယ်။ အဲ့အချိန်မှာ Pressure လည်းများတယ်။ Stress လည်းများတယ်။ သီချင်းတောင် ကောင်းကောင်းမဆိုနိုင်တဲ့ အပတ်တွေ ရှိခဲ့တယ်”လို့ နေလင်းကျော်က ပြောပါတယ်။
အဆိုတော် သာဒီးလူကတော့ ပြိုင်ပွဲဝင်များကို အားပေးကြဖို့အတွက် ဖိတ်ခေါ်စကားပြောရာမှာ “မျက်စိတွေ နှာခေါင်းတွေနဲ့ သီချင်းနားမထောင်ကြပါနဲ့။ နားရွက်နဲ့ သီချင်း နားထောင်ကြပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
“ဆိုရှယ် မီဒီယာဆိုတာကလည်း Idol မှာ မသုံးလို့မဖြစ်တဲ့ အရာတခုပေါ့။ ပရိသတ်နဲ့ အမြဲထိတွေ့နေရမယ်။ အဲ့အတွက်ကြောင့် မသုံးလို့လည်း မရဘူး။ မကြည့်ချင်လည်း ကျော်သွားပေါ့။ ဒါပေမယ့် ကျနော်က တခုကြည့်လည်း ကျနော်က အမြဲပါတယ်။ နောက်တခုဆိုလည်း ပါတယ်။ အဲဒါကြောင့် စိတ်တွေလည်း အရမ်းညစ်ခဲ့ရတယ်။ စိတ်ဓာတ်ကျခဲ့ရတဲ့ အချိန်တွေ ဖြစ်ခဲ့ပါတယ်” လို့ နေလင်းကျော်က ပြောပါတယ်။
နေလင်းကျော်ကတော့ ပြီးခဲ့တဲ့ တက္ကသိုလ်သီချင်းများနှင့် သီဆိုယှဉ်ပြိုင်ရတဲ့အပတ်မှာတော့ ပြိုင်ပွဲမှထွက်ခွာသွားရတာပဲ ဖြစ်ပါတယ်။
ပြိုင်ပွဲက ထွက်ခွာခဲ့ရပေမယ့် မိဘ၂ ဦးနဲ့ သူ့ရဲ့ပရိသတ်တွေကတော့ အမြဲတမ်း အားပေးလျက်ရှိတယ်လို့ ဆိုပါတယ်။
“ကျနော့်အဖေနဲ့ အမေကတော့ ကျနော်စိတ်ညစ်ရင် သူတို့လည်းစိတ်ညစ်ပါတယ်။ ကျနော်ပျော်ရင် သူတို့လည်း အဆုံးစွန်ထိ ပျော်ပါတယ်။ ကျနော်ပြိုင်ပွဲက ထွက်ခဲ့တယ်ဆိုပေမယ့်လည်း ကျနော်က အခုမှအနုပညာလုပ်တာ မဟုတ်ဘူးပေါ့”
“ Myanmar Idol မတိုင်ခင်ကတည်းကလည်း ဒီလမ်းကြောင်းပေါ်မှာ လျှောက်နေတော့ မိဘတွေကလည်း အရမ်းပံ့ပိုးပါတယ်။ ကျနော်ဘာလုပ်လုပ် လက်ခုပ်တီးပြီး အားပေးပါတယ်။ ကျနော်ထွက်ခဲ့ရပေမယ့် အားပေးနေပါတယ်။ အဲ့အတွက် ကျနော့်မိဘတွေက အဖိုးမဖြတ်နိုင်တဲ့အရာပေါ့နော်” လို့ နေလင်းကျော်က ပြောပါတယ်။
နေလင်းကျော်ကိုတော့ ယခင်က သူ့ရဲ့ Relationship နဲ့ပတ်သက်ပြီးတော့လည်း တိုက်ခိုက်ခံရတာတွေရှိပေမယ့် အဲဒီအတွက်လည်း နောင်တမရဘူးလို့ ပြောပါတယ်။
“အရင်တုန်းက ဖြစ်ခဲ့တာတွေကိုလည်း မှားတယ်လို့ မထင်ပါဘူး။ အဲ့တုန်းကနဲ့ အခုအချိန်က စိတ်တွေက မတူတော့ဘူးပေါ့။ အတိတ်က ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အနာဂတ်မှာ အကောင်းဆုံးရှင်သန်မယ် ဆိုတဲ့ စိတ်နဲ့ပဲ သွားတာပါ။ ကျနော် ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့၊ မကောင်းဘူးဆိုလည်း မကောင်းတဲ့ဟာလေးကို ဖုံးကွယ်ပြီးတော့ ကျနော်အကောင်းဆုံးသော လူတယောက် ဖြစ်အောင် ကြိုးစားနေမှာပါ” လို့ နေလင်းကျော်က ပြောပါတယ်။
အခုအချိန်အထိလည်း အဆက်အသွယ်ရှိနေဆဲဖြစ်ပြီး ရည်းစားဖြစ်သူကို ပံ့ပိုးပေးခဲ့ရတဲ့အတွက် အမြဲတမ်းလည်း ဂုဏ်ယူနေတယ်လို့ ဆိုပါတယ်။
“သူနဲ့က ကျနော် အဆက်အသွယ်တော့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ညီအစ်ကို မောင်နှမလိုပါပဲ။ သူလိုတာရှိရင်လည်း ကျနော်ကူညီတယ်။ ကျနော်ကတော့ သူ့ကို ပိုဖြစ်စေချင်တယ်။ ကျနော်ကတော့ ဒီလမ်းကြောင်းပဲ ဆက်လျှောက်သွားမယ်ဆိုပေမယ့် သူ့ကို ပိုဖြစ်စေချင်တယ်။ တကယ့် Branded နေရာတခုပေါ့”
“အဲ့အတွက် အကြံတွေပေးတယ်။ အကောင်းဆုံး စောင့်ရှောက်ပေးခဲ့တယ်။ အဲ့အတွက် ဂုဏ်ယူတယ်။ အခုအချိန်ထိ လည်း ဂုဏ်ယူနေတုန်းပါ။ တော်ရုံတန်ရုံ ဆုပ်ကိုင်ထားဖို့ မလွယ်တဲ့ အရာတခုကို ပံ့ပိုးပေးတယ်။ ကူညီပေးတယ်ဆိုတဲ့အတွက် ဂုဏ်ယူနေတုန်းပါ” လို့ နေလင်းကျော်က ပြောပါတယ်။
နေလင်းကျော်ကတော့ ပြိုင်ပွဲက ထွက်ခွာခဲ့ရပေမယ့် အခွင့်အရေးတခုဖြစ်တဲ့ Wild Card နဲ့ ပြန်လာချင်တဲ့အတွက် Vote ပေးဖို့အတွက်လည်း တောင်းဆိုခဲ့ပြီး ယခုလအတွင်းမှာလည်း Fan Meeting လုပ်ဖို့အတွက် စီစဉ်နေပါတယ်။
You may also like these stories:
Myanmar Idol Season 4 ရဲ့ Top 11 ပြိုင်ပွဲဝင်အချို့ရဲ့ စကားသံများ
ဒီနှစ် Myanmar Idol Winner က မိန်းကလေးအဆိုရှင် ဖြစ်လာမှာလား
ခံစားသက်ဝင်မှု အားကောင်းအောင် အကောင်းဆုံး ကြိုးစားသွားမယ့် အေးမြဖြူ
Myanmar Idol Season 4 ပြိုင်ပွဲဝင်များကို ဆိုရှယ်မီဒီယာ လျှော့သုံးဖို့ အကြံပေးတဲ့ ငွေဇင်လှိုင်း