ရုပ်ရှင်ဇာတ်ကားကောင်းတွေ ရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ကတော့ “ဗိုလ်နေတိုး” ဇာတ်ကားရိုက်ချိန် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ များခဲ့တယ်လို့ ဆိုပါတယ်။
“ဇာတ်လမ်းလေးတပုဒ် ရေးထားတာ ဗိုလ်နေတိုးဆိုတဲ့ နာမည်နဲ့ပေါ့။ ကိုနေတိုး နာမည်နဲ့လည်း ရေးထားတာဆိုတော့ ကိုနေတိုးကို သွားတွေ့တော့ ကိုနေတိုးကလည်း ရိုက်မယ်ဆိုတာနဲ့ ပြင်ဆင်ပြီးရိုက် ဖြစ်တာပေါ့။ အခက်အခဲတွေကတော့ တအားများတယ်။ ဒီလိုကားမျိုးက လွယ်လွယ်နဲ့ ရိုက်လို့ မရဘူး။ လား အကောင် ၄၀၊ ၅၀ ကလည်း လိုချင်တယ်။ လားရိုက်မယ့် နေရာကို မနည်းခေါ်ခဲ့ရတယ်”
“မိုင်းအစစ်တွေလည်း ခွဲချင်တာဖြစ်တာကြောင့် စာတင်ထားပေမယ့် စိုးရိမ်စိတ်တွေလည်း ရှိခဲ့တယ်။ ရာသီဥတုကလည်း မိုးရွာလိုက်၊ နေပူလိုက်ဖြစ်တာကြောင့် အခက်အခဲတွေ ရှိခဲ့တယ်။ အခက်အခဲတွေကို ကျနော်တို့က ဘယ်လို ကျော်ဖြတ်ခဲ့လဲဆိုတော့ ဒီကားကြီး ရိုက်ပြီးသွားရင်တော့ ပရိသတ် အားပေးမှု ရပြီဆိုရင် ငါတို့ ခက်ခဲခဲ့တာတွေက အသေးအမွှားဆိုတဲ့ စိတ်ထားခဲ့ကြတယ်”လို့ ဒါရိုက်တာ စတီးလ်က ပြောပါတယ်။
မူးယစ်ဆေးကို အသွေးအသားကနေ မုန်းတယ်ဆိုတဲ့ ဒါရိုက်တာ စတီးလ်က မူးယစ်ဆေးဝါးကို များများတိုက်ဖျက်နိုင်ရင်တော့ အကောင်းဆုံးပဲလု့ိ ဆိုပါတယ်။
“ဗိုလ်နေတိုးကားမှာ ဗိုလ်နေတိုးက တောထဲမှာ သောင်းကျန်းသူ၊ သူ့မြို့ လွတ်လပ်ဖို့ တိုက်နေတဲ့သူ၊ မူးယစ်ဆေး ရောင်းချပြီး အဖွဲ့အစည်း ရှင်သန်ဖို့ဆိုတဲ့သူတွေကို တိုက်ဖျက်ချင်တဲ့ သူတယောက်၊ သူ့အသွေးအသားမှာ မူးယစ်ဆေးကို အင်မတန် မုန်းတဲ့သူ။ ကျနော်တို့က မူးယစ်ဆေးကို တိုက်ဖျက်ရမယ့် အချိန်မှာ ဆေးခြောက် တရားဝင် အသုံးပြုခွင့်ရဖို့ ဆန္ဒဖော်ထုတ်တဲ့ လူငယ်တွေကိုပြောချင်တာက ကျနော်တို့တိုင်းပြည်တိုးတက်ဖို့ လုပ်ရမယ့် လုပ်ငန်းတွေ အများကြီးရှိတယ်။ သူတို့ ကျနော့်ကို စိတ်ဆိုးရင်လည်း ဆိုးမှာပေါ့”
“ဒါက ကျနော်တို့အတွက် အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ဘူး။ ကျနော်တို့ တိုင်းပြည် ဒီထက်တိုးဖွံ့ဖြိုးဖို့တွေ လုပ်မှ တနိုင်ငံလုံး ဒီထက် ကောင်းစားလာမယ်။ ကျနော် ကိုယ်တိုင်ကလည်း အသွေးအသားထဲက မုန်းပါတယ်။ အနုပညာလောကထဲကလည်း မူးယစ်ဆေးကြောင့် ပျက်စီးသွားသူတွေ အများကြီးမြင်ခဲ့ဖူးတယ်။ မူးယစ်ဆေးဝါးကို ကျနော်တို့ များများ တိုက်ဖျက်နိုင်ရင်တော့ အကောင်းဆုံးပါပဲ”လို့ ဒါရိုက်တာ စတီးလ်က ပြောပါတယ်။
ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) ရိုက်ကူးထားတဲ့ “ဗိုလ်နေတိုး” ဇာတ်ကားမှာ သရုပ်ဆောင် နေတိုး၊ ထွန်းကိုကို၊ မင်းဦး၊ နေမျိုးအောင်၊ ဇင်ဝိုင်း၊ ထူးခြား၊ သက်မွန်မြင့်၊ ပိုင်ဖြိုးသု၊ နန်းခင်ဇေယျာနဲ့ အနုပညာရှင် ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ “ဗိုလ်နေတိုး” ဇာတ်ကားကိုတော့ နိုဝင်ဘာ ၂၁ ရက်နေ့မှာ စတင် ရုံတင် ပြသလျက် ရှိပါတယ်။
You may also like these stories:
စိုင်းစိုင်းခမ်းလှိုင်၊ ဖြိုးငွေစိုးတို့နဲ့ အတူ ဇာတ်ကားရိုက်ဖို့ ရှိတဲ့ သက်မွန်မြင့်
ကျန်တဲ့ အမျှတကြိမ်ကို ပရိသတ်တွေ ခေါ်ပေးဖို့ တောင်းဆိုလိုက်တဲ့ ဒါရိုက်တာ စတီးလ်
သရုပ်ဆောင် အသစ်တွေကို နေရာပေးပြီး ဒါရိုက်တာ စတီးလ် ရိုက်ကူးမယ့် “ငါတို့သည်” ရုပ်ရှင်