အကယ်ဒမီ ရရှိပြီးနောက်ပိုင်း ရုပ်ရှင်ကားရိုက်များ ကြဲပါးခဲ့တဲ့ အကယ်ဒမီ မယ်လိုဒီကတော့ ၂၄ နာရီမှာ ၂၅ နာရီလောက် ရုပ်ရှင်ရိုက်ချင်နေတယ်လို့ ပြောပါတယ်။
“ရုပ်ရှင် ရိုက်ချင်စိတ်က ၂၄ နာရီမှာ ၂၅ နာရီလောက် ရှိနေတာပါ။ ပေးလာတဲ့ အခွင့်အရေးမှာ အကောင်းဆုံး အသုံးပြုပြီးတော့ ရိုက်နေတာပါ။ အဓိကက ပရိသတ်နဲ့ အဆက်အသွယ်ပြတ်ခြင်း၊ မပြတ်ခြင်းက Facebook မှာလည်း Active ဖြစ်နေတာပေါ့နော်။ အမြဲတမ်း Live လွှင့်တယ်။ စကားပြောတယ်။ ဒါပေမယ့်လည်း သရုပ်ဆောင်တယောက်ဆိုတော့ ဇာတ်လမ်းလေးတွေ ရှိသင့်တယ်။ အဲဒါကြောင့် ရိုက်ဖြစ်တာပါ” လို့ မယ်လိုဒီက ပြောပါတယ်။
လာမယ့် ၂၀၂၀ ပြည့်နှစ်မှာတော့ ရုပ်ရှင်ကားကြီး ၂ ကား ရိုက်ဖို့ရှိပြီး သရုပ်ဆောင်အလုပ်က အသက်မွေးဝမ်းကြေင်း အလုပ်ဖြစ်ပေမယ့် အမြဲတမ်းလုပ်နေရင်တော့ ပိုကောင်းတဲ့ အနုပညာကို ဖန်တီးနိုင်တယ်လို့ ဆိုပါတယ်။
“တကယ်တမ်းတော့ ကိုယ့်ရဲ့ပရော်ဖက်ရှင်နယ် အလုပ်ပဲ။ ဒါပေမယ့် အမြဲတမ်း လုပ်နေရင်တော့ အလေ့အကျင့်ပိုရပြီး သရုပ်ဆောင်ပိုကောင်းမယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ရဲ့ပရော်ဖက်ရှင်နယ်ဆိုတော့ လုပ်လိုက်ရင် Mood ကတော့ ဝင်သွားတာပါပဲ။ အဓိကကတော့ စိတ်ပဲ။ ကျန်တာတွေ လျှောက်မတွေးဘဲ ဒီအလုပ်မှာပဲ အာရုံစိုက်ထားမယ် ဆိုရင်တော့ သူ့ရဲ့ရလဒ်က သိပ်ကောင်းပါတယ်” လို့ မယ်လိုဒီက ပြောပါတယ်။
ရုပ်ရှင်ရိုက်ရာမှာ စည်းစနစ်ကျကျ ရိုက်ကူးတာဟာလည်း ကောင်းတဲ့အချက်ဖြစ်ပြီး ရုပ်ရှင်လောကရဲ့ Genius (ဉာဏ်ကြီးရှင်) ကြီးတွေကိုလည်း ပစ်ပယ်ထားလို့မရဘူးလို့ ဆိုပါတယ်။
“စည်းစနစ်ကျတာလည်း ကောင်းပါတယ်။ Genius တွေလည်း ပစ်ပယ်ထားလို့မရဘူး။ ကိုယ့်ကိုယ်ကိုယ် Genius လို့ပြောတာ မဟုတ်ပါဘူး။ မျိုးကကျတော့ အများကြီးလိုတယ်။ ဒါကြောင့်မို့လို့လည်း စူပါတန်းဝင် မင်းသမီး မဖြစ်သေးတာပေါ့။ ဒီလို စည်းစနစ်ကောင်းကောင်းနဲ့ လေ့လာသင်ယူပြီး ဖြတ်သန်းတဲ့သူတွေက ကောင်းသလို Genius တွေကိုလည်း ပစ်ပယ်ထားလို့ မရဘူး”
“ဒါပေမယ့် Genius တွေက ပိုပင်ပန်းပါတယ်။ အဲ့လိုပဲ မြင်ပါတယ်။ ကိုယ်တွေတုန်းကတော့ ရုန်းကန်လာရလို့ ပြောတာ မဟုတ်ပါဘူး။ စနစ်တကျနဲ့ ရှိရင်ကောင်းတာပေါ့။ သပ်သပ်ရပ်ရပ်နဲ့ ဖြစ်နေတာပေါ့။ စနစ်တကျ မရှိခဲ့တဲ့လူတွေက ပိုပင်ပန်းပါတယ်”လို့ မယ်လိုဒီက ပြောပါတယ်။
သူ့အနေနဲ့လည်း ရုပ်ရှင်ကို အခွင့်အရေး မရှိတဲ့အတွက် ရိုက်လိုက်၊ မရိုက်လိုက်ဖြစ်နေတာနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြခဲ့ပါတယ်။
“ရိုက်လိုက်၊ မရိုက်လိုက် အခွင့်အရေး မရှိတဲ့အပေါ်မှာ လေ့ကျင့်မှု နည်းတဲ့အခါကျတော့ နေ့တိုင်း ထမင်းဟင်း ချက်တဲ့သူနဲ့ တခါတလေမှ ဝင်ချက်တဲ့သူ ကွာသလို အရသာ ကွာနေတာပေါ့။ မှန်းပြီး ပစ်ထည့်ချက်လိုက်တာနဲ့ ချိန်ဆပြီးချက်တာက အရသာ ကွာသွားတယ်။ အဓိကကတော့ ကိုယ့်ရဲ့စေတနာ၊ မေတ္တာ စားစေချင်စိတ် ရှိတယ်ဆိုရင်တော့ အဲ့အရသာက ပြိုင်ဖက်ကင်းပါတယ်” လို့ မယ်လိုဒီက ပြောပါတယ်။
ရိုက်ကူးသွားမယ့် ရုပ်ရှင်ဇာတ်ကား ၂ ကားစလုံးကတော့ မယ်လိုဒီ တခါမှ သရုပ်မဆောင်ဖူးသေးတဲ့ ကာရိုက်တာများဖြစ်ပြီး လာမယ့် ဇန်နဝါရီ ၊ ဖေဖော်ဝါရီလောက်မှာ ရိုက်ကူးတော့မှာလို့ သိရပါတယ်။
You may also like these stories:
“ကားရိုက် နားထားတာမဟုတ်ဘူး ခေါ်မရိုက်တာ” ဆိုတဲ့ မယ်လိုဒီ
“ဒီနှစ် အကယ်ဒမီ အူဝဲကို ရစေချင်တယ်” ဆိုတဲ့ အကယ်ဒမီ မယ်လိုဒီ
“သားကို သာသနာ့ဘောင် ဝင်စေချင်တဲ့ အတ္တတခုတော့ရှိတယ်” ဆိုတဲ့ မယ်လိုဒီ