Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲ ယှဉ်ပြိုင်မှုကနေ ဒီတပတ် အိမ်ပြန်ခဲ့ရတဲ့ ပြိုင်ပွဲဝင် တန်ခွန်ကျော်က Voting စနစ်နဲ့ ပရိသတ်တွေ ဆုံးဖြတ်တာ ဖြစ်တဲ့အတွက် ဘာမှပြောစရာ မရှိဘူးလို့ မီဒီယာတွေကို ပြောပါတယ်။
“Myanmar Idol က အဖွဲ့သားတွေနဲ့ ခွဲခွာရတာ စိတ်မကောင်းဖြစ်တယ်။ သူငယ်ချင်းတွေကတော့ ဝမ်းနည်းကြတယ်။ ကျနော်လည်း ဝမ်းနည်းတတ်တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ထိန်းလိုက်တယ်။ Myanmar Idol ပွဲကတော့ ကျနော့်အတွက် ဆုံးသွားပြီပေါ့နော်။ အနုပညာလမ်းခရီးကတော့ အခုမှ စမှာဆိုတော့ မမြင်ရသေးတဲ့ အရာတခုကို မြည်းစမ်းရတော့မယ်ဆိုတော့ စိတ်ဝင်စားတယ်။ ရှေ့ဆက်လျှောက်ရမယ့် လမ်းအတွက်လည်း စိတ်လှုပ်ရှားနေတယ်”
“Voting စနစ် ပရိသတ် ဆုံးဖြတ်တာ ဖြစ်တဲ့အတွက် ဘယ်သူက Bottom ထိုင်ရမယ်၊ ဒီအပတ်မှာ ဘယ်သူ ထိုင်ရမယ် ဆိုတာကို ခန့်မှန်းလို့ မရတာဖြစ်တဲ့အတွက် ပရိသတ်တွေ ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် ဘာမှ ပြောစရာ မရှိပါဘူး။ အိမ်ပြန်ရတော့မှာဆိုတော့ ဝမ်းသာတာပေါ့။ ဒိုင်တွေကလည်း အားပေးစကား ပြောပေးလို့ အရမ်းပျော်တယ်။ ဒိုင် ၃ ယောက်လုံးကိုလည်း ကျေးဇူးတင်တယ်။ ကျနော်တို့ လိုအပ်ချက်တွေလည်း ထောက်ပြပေးတယ်။ ဒိုင်တွေကတော့ ကျနော်တို့ရဲ့ မှန်လိုပါပဲ”လို့ တန်ခွန်ကျော်က ပြောပါတယ်။
နှုတ်ဆက်သီချင်းအနေနဲ့ “သို့ သက်ငယ်မုဒိမ်းကောင်များ” သီချင်းကို သီဆိုခဲ့တဲ့ တန်ခွန်ကျော်က ဒီသီချင်းနားထောင်ပြီး အနည်းဆုံး တယောက်ပြောင်းလဲရင် သီဆိုရကျိုးနပ်တယ်လို့ ဆိုပါတယ်။
“သို့ သက်ငယ်မုဒိမ်းကောင်များ သီချင်းရဲ့ မူရင်းအဆိုတော်က စောလားထော်ဝါးပါ။ သီချင်းနားထောင်ရင် ကလေးတွေကို ဖျက်ဆီးနေတဲ့ မုဒိမ်းကောင်တွေကို ဒီသီချင်းကနေတဆင့် သင်ခန်းစာပေးချင်တဲ့ရည်ရွယ်ချက်နဲ့ သီဆိုခဲ့တာပါ။ ဒီသီချင်းကို ဆိုခွင့်ရချင်တယ်ဆိုပြီးတော့ စိတ်ထဲမှာ တွေးထားခဲ့တာပါ။ အခု ဆိုခွင့်ရခဲ့လို့ ဝမ်းသာတယ်။ ဒီသီချင်း နားထောင်ပြီး အနည်းဆုံး တယောက် ပြောင်းလဲရင်တောင်မှ ကျနော် ဆိုရကျိုးနပ်ပါတယ်။ ဒီသီချင်း နားထောင်ပြီး ပြောင်းလဲသွားကြရင် နိုင်ငံကြီးက သာယာနေမှာပါ”လို့ တန်ခွန်ကျော်က ပြောပါတယ်။
ဖခင် မရှိတော့တဲ့ တန်ခွန်ကျော်က မိခင်ဖြစ်သူနဲ့ ပရိသတ်တွေအတွက် အကောင်းဆုံး လုပ်ပြခဲ့ပေမယ့် အခုလို အိမ်ပြန်ရတာကို အမေ နားလည်မှာပါလို့ ဆိုပါတယ်။
“အဖေတော့ မရှိတော့ဘူးပေါ့နော်။ အမေ့ကိုတော့ အကောင်းဆုံး မလုပ်ပြနိုင်ခဲ့လို့ တောင်းပန်တယ်လို့လည်း မဟုတ်ဘူး။ အမေကလည်း အားပေးတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အကောင်းဆုံး လုပ်ခဲ့တယ်လို့ ထင်တယ်။ ပရိသတ် လက်ခံတာ၊ မခံတာတော့ ကိုယ့်အပိုင်း မဟုတ်ဘူးလေနော်။ ကျနော့်ရဲ့ ပါရမီကိုက ဒီလောက်ပဲပါခဲ့လို့ ဒီလောက်ပဲ ဆုံးခဲ့တာဖြစ်တဲ့အတွက် ဒါကို အမေလည်း နားလည်မှာပါ။ ပရိသတ်တွေ အားပေးရကျိုးနပ်အောင် မလုပ်ပြနိုင်ခဲ့တဲ့အတွက် ကျနော် ပြန်ပြီး တောင်းပန်ချင်ပါတယ်။ သီချင်းသစ်နဲ့ ပြန်လာခဲ့ပါမယ်”လို့ တန်ခွန်ကျော်က ပြောပါတယ်။
ပြိုင်ပွဲဝင် အဆိုရှင် တန်ခွန်ကျော်ဟာ နာဂတိုင်းရင်းသားတဦးဖြစ်ပြီး Myanmar Idol (Season-4) သီချင်းဆို ပြိုင်ပွဲကြီးမှာ Top-8 အထိ ပါဝင် ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။