အချစ်ရိုမန့်စ် ဇာတ်ကားတွေ အရိုက်များတဲ့ ဒါရိုက်တာ အောင်မြတ်က ဒုတိယမြောက် ဇာတ်ကားကြီးဖြစ်တဲ့ “သန်းခေါင်ယံ” (Midnight) ဇာတ်ကားက စိန်ခေါ်မှုများသလို လုပ်ပြချင်တာတွေလည်း လုပ်ပြခွင့်ရတယ်လို့ ဆိုပါတယ်။
“ပထမ ဇာတ်ကား “အနမ်းဝိုင်တုန်း” ကလည်း ရိုမန့်စ်မို့ အထိုက်အလျောက်ပေါ့။ ဒုတိယမြောက်ဖြစ်တဲ့ဒီကားကလည်း ကျနော့်အတွက် အခက်အခဲတွေ ရှိပါတယ်။ ကျနော်ကိုယ်တိုင်က သရဲကားကြည့်ရင်တောင် တယောက်တည်း မကြည့်ရဲဘူး။ အဲ့အတွက် သရဲကား ရိုက်ရမယ်ဆိုတော့ ကျနော်အတွက် စိန်ခေါ်မှုများတယ်လို့ ပြောရမယ်။ ဘယ်လိုရိုက်ရမလဲ ဆိုတာထက် ရိုက်လို့ အဆင်ပြေပါ့မလားပေါ့”
“ကျနော် ရိုက်ရမှာလည်း လူမနေတဲ့ အိမ်အကြီးကြီးမှာ ရိုက်ရမယ်။ နေရာ လိုက်ရှာကတည်းက တော်တော် ကြောက်နေတာ။ သွားရှာတဲ့အိမ်ကလည်း လူ မနေဘူး။ ကြည့်တော့ အိမ်ထဲက အခန်းတွေမှာလည်း ပုတီးလေးတွေ ချိတ်ထားတယ်။ တော်တော်လည်း ကြောက်ခဲ့တာ။ တကယ်တမ်းလည်း ရိုက်ရော ကြောက်တဲ့စိတ်က ပြောင်းသွားတယ်။ အချိန်မီ မပြီးမှာ၊ ကားမကောင်းမှာတွေအတွက် ကြောက်ခဲ့ရတယ်”
“သန်းခေါင်ယံကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကလည်း အားလုံး အဆင်ပြေပါတယ်။ ကျနော်လုပ်ချင်တာတွေ သေချာ ပြောပြခဲ့တော့ အဆင်ပြေပါတယ်။ သန်းခေါင်ယံကားမှာ လုပ်ချင်တာကို လုပ်ခွင့်ရခဲ့တယ်လို့ ပြောရမယ်”လို့ ဒါရိုက်တာ အောင်မြတ်က ပြောပါတယ်။
“သန်းခေါင်ယံ” ဇာတ်ကား ရိုက်ကူးစဉ်က အမှတ်တရတွေအကြောင်းကိုလည်း ဒါရိုက်တာ အောင်မြတ်က အခုလိုပဲ ပြောပြပါတယ်။
“ရိုက်တုန်းက ကြောက်တယ်။ မိတ်ကပ်တွေကလည်း ကောင်းတယ် ပြောရမယ်။ သရုပ်ဆောင်တွေကို ဒိုင်ယာလော့ချမယ်၊ သရုပ်ဆောင် ဘယ်မှာလဲဆိုတော့ ဘေးမှာ တော်တော်လန့်ခဲ့ရတယ်။ အမှတ်တရတခုကတော့ ခြောက်တာလား ဆိုတာတော့ မသေချာဘူး။ ကျနော် ရိုက်နေတုန်းရင် အသံငြိမ်ဖို့ အကုန်လုံးကို ပြောတယ်။ စကားပြောသံ ကြားတာနဲ့ ထအော်တယ်။ တရက် ကျနော်က အောက်မှာရိုက်နေတုန်း အပေါ်ကနေ လမ်းလျှောက်တဲ့ အသံတွေ ကြားတယ်။ ကြားတော့ ကျနော်က ထအော်တော့ ငြိမ်သွားတယ်”
“ရိုက်ပြီးတော့ အပေါ်က အဖွဲ့က ဆင်းလာပြီး ခုနက ဘယ်သူ့ အော်တာလဲ အပေါ်မှာ ဘယ်သူမှ လမ်းမလျှောက်ဘူးဆိုတော့ ကျနော် တော်တော် ကြောက်သွားတယ်။ ဒီကားက ပုံစံအသစ်ဆိုတော့ ရိုက်လိုက်တာကို ပရိသတ်တွေ အနေနဲ့ နားလည်ပေးနိုင်ပါ့မလား၊ ကြိုက်ပါ့မလား ဆိုတာတော့ စိုးရိမ်မှု ရှိပါတယ်။ ကျနော်တို့ အကောင်းဆုံးကြိုးစားထားတဲ့ သန်းခေါင်ယံကားကို လာအားပေးကြပါ”လို့ ဒါရိုက်တာ အောင်မြတ်က ပြောပါတယ်။
ဇာတ်ကားကောင်းတွေ ရိုက်ကူးတတ်သလို Music Video တွေမှာလည်း ပရိသတ် အကြိုက်တွေ့အောင် Story အိုင်ဒီယာ ဆန်းဆန်းတွေနဲ့ ရိုက်ကူးတတ်တဲ့ ဒါရိုက်တာ အောင်မြတ်ရဲ့ ပထမဆုံးရုပ်ရှင် ဇာတ်ကား “အနမ်းဝိုင်”ကိုလည်း လူငယ် ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြပါတယ်။
ဒါရိုက်တာ အောင်မြတ်ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “သန်းခေါင်ယံ” ဇာတ်ကားကိုတော့ ဒီဇင်ဘာလ ၅ ရက်နေ့ မှာ ရုံတင် ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ သရုပ်ဆောင်များအနေနဲ့ စိုင်းဝဏ္ဏအောင်၊ အောင်ရဲထိုက်၊ ကြက်ဖ၊ သိန်းလင်းစိုး၊ စိုးမြတ်သူဇာ၊ သင်ဇာဝင့်ကျော်၊ နန်းခင်ဇေယျာနဲ့ တခြားသော သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။