မကြာခင် ရုံတင်ပြသမယ့် “သန်းခေါင်ယံ” ဆိုတဲ့ ရုပ်ရှင်ကားထဲမှာ အေးပုံဆိုတဲ့ မိန်းကလေးအဖြစ် ပါဝင် သရုပ်ဆောင်ထားတဲ့ နန်းခင်ဇေယျာက မျက်လုံး အိုက်တင်တွေကို စိုးမြတ်သူဇာက သင်ကြားပေးတယ်လို့ ဆိုပါတယ်။
“နန်းခင် သန်းခေါင်ယံ ဇာတ်ကားမှာ အေးပုံဆိုတဲ့ ကောင်မလေးတယောက် နေရာကနေ ပါဝင်ထားပါတယ်။ ဒီကားလေးက သရဲရော၊ ဟာသရော၊ သနားစရာ ကောင်းတာလေးလည်း ပါတယ်။ တခြားသရဲကားတွေနဲ့လည်း မတူဘူး။ ဒါရိုက်တာ အောင်မြတ်က သေချာလေးလည်း လုပ်ထားတယ်။ ညမှာ တောက်လျှောက် ရိုက်ရခဲ့ရတဲ့ ကား၊ အမှတ်တရတွေလည်း အများကြီးရှိတယ်။ နန်းခင်တို့ကို အားလုံးစီစဉ်ပေးတော့ စီစဉ်မှု အောက်မှာပဲ အားလုံး အဆင်ပြေပါတယ်”
“မကြီးစိုးက နန်းခင်တို့ အနုပညာလောကထဲ မရောက်ခင်ကတည်းက လေးစားအားကျရတဲ့ အနုပညာရှင်ပေါ့။ အခုလို ဇာတ်ကားကတော့ ပထမဆုံး ဆုံဖူးတာပေါ့။ ကိုယ့်ရဲ့ စီနီယာနဲ့ ဆုံရတော့ စိတ်ပူခဲ့ရတယ်။ မှားသွားမှာလည်း အရမ်းကြောက်တယ်။ အပေးအယူ မတည့်မှာလည်း စိုးရိမ်ခဲ့ရတယ်။ မကြီးစိုးက လိုအပ်တာတွေကို ပြောပြပေးပါတယ်။ ဒီကားမှာ နန်းခင်က မျက်လုံး အိုက်တင်တွေနဲ့ သွားရတော့ အစ်မက အရမ်းသင်ပေးပါတယ်”လို့ နန်းခင်ဇေယျာက ပြောပါတယ်။
ပရလောက ရှိတာကိုလည်း ယုံကြည်တယ်ဆိုတဲ့ နန်းခင်ဇေယျာက ကိုယ်တိုင် သရဲခြောက်ခံတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။
“နန်းခင်က ပရလောကကိုလည်း ယုံကြည်ပါတယ်။ သူ့အယူအဆနဲ့ သူပါပဲ။ ဒီကား ရိုက်ကူးတုန်းက ထူးထူးခြားခြားတော့ မရှိပါဘူး။ ပွဲတွေလည်း အရမ်းပေးထားတယ်။ အဲ့အိမ်မှာ လျှပ်စစ်မီးက မရှိဘူး။ နန်းခင်တို့ မရိုက်ကူးသေးတဲ့အချိန် အိမ်ပေါ်ထပ်မှာ မနေရဲဘူး။ ကြောက်တယ်။ ပွဲတွေပေးပြီး ဘုရား၊ တရားတွေလည်း အရမ်းလုပ်ရပါတယ်။ ကိုယ်တိုင်ကတော့ သရဲခြောက်ခံဖူးတာတော့ မရှိဘူး။ စိတ်ထင့်နေရင်တော့ အမျှ တောက်လျှောက် ပေးပါတယ်”လို့ နန်းခင်ဇေယျာက ပြောပါတယ်။
နန်းခင်ဇေယျာက လက်ရှိမှာ ပရဟိတအလုပ်တွေကို ဦးဆောင်ပြီး လုပ်ကိုင်နေသလို ဇာတ်ကားတွေလည်း ရိုက်ကူး နေပါတယ်။ Miss International အလှမယ် ပြိုင်ပွဲကနေ တဆင့် လူသိများလာပြီး အနုပညာလောကထဲ ဝင်ရောက်လာတဲ့ နန်းခင်ဇေယျာက “Non Stop” ဆိုတဲ့ တကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။
“သန်းခေါင်ယံ” ရုပ်ရှင်ကားကတော့ သူငယ်ချင်းတသိုက် အပျော်ခရီးသွားရင်း ချောက်ချားစရာတွေနဲ့ ကြုံတွေ့ရတဲ့ အကြောင်းကို ဒါရိုက်တာ အောင်မြတ်က ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒီဇင်ဘာလ ၅ ရက်နေ့ မှာ ရုံတင် ပြသမှာဖြစ်ပြီး သရုပ်ဆောင် စိုင်းဝဏ္ဏအောင်၊ အောင်ရဲထိုက်၊ ကြက်ဖ၊ သိန်းလင်းစိုး၊ စိုးမြတ်သူဇာ၊ သင်ဇာဝင့်ကျော်၊ နန်းခင်ဇေယျာနဲ့ အခြား သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။