ကိုရီးယား K-Pop Idol တယောက်ဖြစ်တဲ့ ဂူဟာရာ (Goo Hara)ကို သူမရဲ့ နေအိမ်မှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ အကြောင်းကြားလာခဲ့တာကြောင့် ရဲစခန်းမှ တာဝန်ရှိသူတွေ သွားရောက်တဲ့အခါမှာ အသက်ရှူရပ်နေပြီလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ Cheongdam ရပ်ကွက်မှာရှိတဲ့ နေအိမ်အတွင်း နိုဝင်လာ ၂၄ ရက်၊ ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီ ၉ မိနစ် ဝန်းကျင်မှာ သေဆုံးနေတဲ့ ဂူဟာရာရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဂန်းနမ် ရဲစခန်း တာဝန်ရှိသူတွေက ဆိုပါတယ်။ လတ်တလောမှာတော့ အဆိုတော် ဂူဟာရာ သေဆုံးမှုကို စုံစမ်းစစ်နေပြီး အကြောင်းရင်းကို အတိအကျ မသိရသေးပါဘူး။
၂၀၁၆ ခုနှစ်မှာ ဖျက်သိမ်းခဲ့တဲ့ KARA အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်း ဂူဟာရာဟာ မေလတုန်းကလည်း ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့ပေမယ့် မန်နေဂျာဖြစ်သူက အချိန်မီ သိရှိခဲ့လို့ ကယ်တင်နိုင်ခဲ့ပါတယ်။
သူမဟာ ရည်းစားဟောင်းနဲ့ တရားရင်ဆိုင်နေရတဲ့ အချိန်မှာ စိတ်ဓာတ်ကျရောဂါ အပြင်းအထန် ခံစားနေခဲ့ရသလို အနုပညာအလုပ်တွေကိုပါ ရပ်နားထားခဲ့ပါတယ်။ အချစ်ဆုံး သူငယ်ချင်းဖြစ်သူ Sulli ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့တဲ့ ၁ လကျော်အချိန်မှာပဲ ဂူဟာရာကလည်း သူချစ်တဲ့ အနုပညာနဲ့ ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့ပြန်ပါပြီ။
ဂူဟာရာရဲ့ ဂျပန်အေဂျင်စီဖြစ်တဲ့ Production Ogi ရဲ့ တာဝန်ရှိသူက နာရေးကို မိသားစုသီးသန့်ပဲ လုပ်ဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။ “လောလောဆယ်မှာတော့ ကျနော်တို့ဘက်က ဘာမှ တရားဝင် မပြောပြနိုင် သေးပါဘူး။ ကျနော်တို့ကတော့ နာရေးကို မိသားစု သီးသန့်ပဲ လုပ်ဖို့ ဆန္ဒ ရှိပါတယ်”လို့ ဆိုပါတယ်။
ဒီနှစ် ဇန်နဝါရီလက ကိုရီးယားအေဂျင်စီ Content Y နဲ့ သက်တမ်းကုန်ဆုံးပြီးကတည်းက ဂူဟာရာတယောက် ကိုရီးယားမှာလည်း အနုပညာလှုပ်ရှားမှုတွေ သေဆုံးချိန်ထိ မရှိခဲ့ပါဘူး။ မသေဆုံးခင် ဂျပန်အေဂျင်စီက စီစဉ် ခဲ့တဲ့ HARA Zepp Tour 2019 ဆိုပြီး ဂျပန်နိုင်ငံတဝှမ်းမှာ နိုဝင်ဘာ ၁၄ ကနေ ၁၉ ရက်ထိ ဖျော်ဖြေခဲ့ပါသေးတယ်။
ဂူဟာရာ သေဆုံးပြီလို့ သတင်းတွေ ထွက်လာချိန်မှာတော့ ပရိသတ်တွေက သူမ Instagram မှာ နောက်ဆုံး တင်ခဲ့တဲ့ Good Night လို့ရေးထားတဲ့ ပုံလေးအောက်မှာ ဝမ်းနည်းစကားတွေ လာရေးခဲ့ကြပါတယ်။
“ကောင်း ကောင်းအနားယူပါတော့။ မင်းရဲ့ နေရာသစ်မှာ ပျော်ရွှင်စရာတွေ ဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။ အေးချမ်းစွာ အနားယူပါ။ ဒီ့ထက်ပိုကောင်းတဲ့နေရာကို သွားပါ” စတဲ့ ပရိသတ်တွေရဲ့ ဝမ်းနည်းစာတွေနဲ့ ပြည့်နှက်နေပါတယ်။
Ref: Allkpop