Entertainment

ရုံဝင်ငွေ ဒေါ်လာသန်း ၁၃၀ ကျော်နဲ့ ပွဲထွက်လာခဲ့တဲ့ “Frozen 2” ရုပ်ရှင်

Want create site? Find Free WordPress Themes and plugins.

Disney ရဲ့ “Frozen 2” ရုပ်ရှင်ကတော့ မြောက်အမေရိကဈေးကွက်မှာ ပြိုင်ဘက်မရှိ ပွဲဦးထွက်လာခဲ့ပြီး ဒေါ်လာ သန်း ၁၃၀ နဲ့ ရုံဝင်ငွေစာရင်းထိပ်ဆုံးမှာ ရပ်တည်နေခဲ့တာကို တွေ့ရပါတယ်။

ကျေးဇူးတော်နေ့ မတိုင်မီ ပိတ်ရက်တွေမှာ ရုံတင်ခဲ့တဲ့အတွက် ခန့်မှန်းထားတာထက်ပိုပြီး ဝင်ငွေ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နိုဝင်ဘာလအတွင်းမှာ ရုံတင်ခဲ့တဲ့ အန်နီမေးရှင်း ရုပ်ရှင်တွေထဲမှာ ဝင်ငွေအကောင်းဆုံး စံချိန်တင်ခဲ့ပြီး Pixar မပါဝင်တဲ့ Walt Disney Animation အတွက် အကောင်းဆုံး အဖွင့်စံချိန်လည်း ရရှိခဲ့ပါတယ်။

ဒါ့အပြင် နွေရာသီ မဟုတ်တဲ့ ကာလမှာ ရုံတင်ခဲ့တဲ့အထဲ ဂဏန်း ၃ လုံးအထိ ဝင်ငွေရခဲ့တဲ့ ပထမဆုံး အန်နီမေးရှင်း ရုပ်ရှင်လည်း ဖြစ်လာခဲ့ပါတယ်။

နိုင်ငံရပ်ခြားဒေသမှာတော့ အဲ့ဒီ အန်နီမေးရှင်း စွန့်စားခန်းရုပ်ရှင်ဟာ ဒေါ်လာ ၂၃၃ သန်း ဝင်ငွေရခဲ့လို့ တကမ္ဘာလုံးကနေ ဝင်ငွေ ဒေါ်လာ သန်း ၃၅၀ အထိ ရရှိခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက ကျေးဇူးတော်နေ့ မတိုင်မီ ရုံတင်ခဲ့တဲ့ ပထမဆုံး Frozen ရုပ်ရှင်ကတော့ ရုံတင်ပြီး ပထမ ၅ ရက်အတွင်း ဒေါ်လာ ၉၃ သန်းသာ ရရှိခဲ့တာကို တွေ့ရပါတယ်။

အဲ့ဒီ ပထမဆုံးရုပ်ရှင်ရဲ့ စုစုပေါင်း ရုံဝင်ငွေဟာ ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံ ရရှိထားပြီး သမိုင်းမှာ ဝင်ငွေအကောင်းဆုံး အန်နီမေးရှင်းရုပ်ရှင်အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

CinemaScore မှာ Frozen က A+ ရရှိကာ အခု နောက်ဆက်တွဲ ရုပ်ရှင်က A- ရတာကို ကြည့်မယ်ဆိုရင် အခု “Frozen 2” ရုပ်ရှင်ကို ပရိသတ် စိတ်ဝင်စားမှု အနည်းငယ် အားနည်းတယ်လို့ ဆိုနိုင်ပါတယ်။ အခုရုပ်ရှင်မှာတော့ မင်းသမီးလေး Elsa နဲ့ Anna တို့က Kristoff ၊ Olaf တို့နဲ့အတူ မှော်စွမ်းအင်တွေနဲ့ မွေးဖွားခဲ့တဲ့ Elsa ရဲ့ နောက်ကြောင်းကို ဖော်ထုတ်ဖို့ ကြိုးစားတဲ့အကြောင်း မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာပဲ ရုံစတင်ခဲ့တဲ့ Sony ရဲ့ “A Beautiful Day In The Neighborhood” ရုပ်ရှင်က ဒေါ်လာ ၁၃ ဒဿမ ၅ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။ အဲ့ဒီ အတ္ထုပ္ပတ္တိရုပ်ရှင်မှာ မင်းသားကြီး Tom Hanks က Fred Rogers အဖြစ် သရုပ်ဆောင်ထားပါတယ်။

Black Panther မင်းသား Chadwick Boseman ပါဝင်ထားတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင် “21 Bridges” ကတော့ ဒေါ်လာ ၉ ဒဿမ ၂ သန်းနဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်း ရုံဝင်ငွေစာရင်းမှာ ဒုတိယနေရာကနေ ရပ်တည်နေတာကတော့ Disney ရဲ့ Ford v Ferrari  ရုပ်ရှင်ဖြစ်ပြီး ဒေါ်လာ ၁၆ သန်း ဝင်ငွေ ရရှိခဲ့ပါတယ်။ ပဉ္စမနေရာမှာ ရပ်တည်နေတဲ့ ရုပ်ရှင်ကတော့ Lionsgate ရဲ့ စစ်ဒရာမာ နောက်ခံရုပ်ရှင် Midway ရုပ်ရှင်ဖြစ်ပြီး ဒေါ်လာ ၄ ဒဿမ ၆ သန်း ရရှိခဲ့ပါတယ်။

Ref:asiaone
Did you find apk for android? You can find new Free Android Games and apps.
Loading