မကြီးစန်းလို့ ချစ်စနိုးခေါ်ကြတဲ့ ဝါရင့် Makeup Artist တဦးဖြစ်သူ မိတ်ကပ် ခင်စန်းဝင်းကတော့ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးတာဟာ အခွင့်အရေးအနေနဲ့ ရိုက်ဖြစ်တာလို့ ပြောပါတယ်။
“ကားရိုက်ဖို့အတွက် လောလောဆယ် ဝိတ်တော့ ချနေတယ်။ ဝိတ်ချနေရင်းနဲ့ ပိုပိုဝလာတယ်။ ကားရိုက်ကတော့ မကြီးရဲ့ အခွင့်အရေးတခုပေါ့။ မကြီး လုပ်ခွင့်ရတဲ့ အခွင့်အရေးတခုပါ။ ငှားတဲ့သူရှိရင် အနုပညာကြေးရရင် ရိုက်မယ်” လို့ မိတ်ကပ် ခင်စန်းဝင်းက ပြောပါတယ်။
မကြာသေးခင်ကလည်း မိတ်ကပ်ပညာရှင် ၄ ယောက်နဲ့ ရိုက်ကူးထားတဲ့ “ကျားကျားကြိုက်ကြိုက်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာလည်း ပရိသတ်များအကြား ကြိုက်နှစ်သက်မှုများစွာ ရခဲ့ပါတယ်။
ထပ်မံပြီးတော့လည်း ရုပ်ရှင်ဇာတ်ကားအသစ် ရိုက်ကူးဖို့ရှိနေပြီး ဒီတခါမှာတော့ မန္တလေးမှ မိတ်ကပ်ပညာရှင်တဦးဖြစ်တဲ့ မိတ်ကပ် ဆူးလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
“သုသုရယ်၊ လင်းလင်းရယ်၊ မထက်ရယ်၊ မကြီးရယ် ၄ ယောက်ပေါ့။ မိတ်ကပ် ဆူးကတော့ ဧည့်သည်သရုပ်ဆောင် အနေနဲ့ပါမှာပါ။ ပိုမြိုင်တာပေါ့” လို့ ခင်စန်းဝင်းက ပြောပါတယ်။
မကြီးစန်းကတော့ Makeup Artist တယောက်အနေနဲ့ ရပ်တည်လာခဲ့ပြီး နှစ်များစွာ အကြာမှာတော့ ကိုယ်ပိုင်အမှတ် တံဆိပ်တခုဖြစ်တဲ့ KSW Beauty ဆိုတဲ့ အလှကုန်ပစ္စည်းများကို ကိုယ်ပိုင် Brand ဖြင့် ထုတ်လုပ် ရောင်းချလျက် ရှိပါတယ်။
“မကြီးရဲ့ သက်တမ်းတလျှောက်လုံး လုပ်သက်အတွေ့အကြုံအရ မကြီးရဲ့နာမည် ဂုဏ်သတင်းကြောင့် လိမ်းခြယ်တဲ့သူတွေက ယုံကြည်မှု ၅၀ ရာခိုင်နှုန်းရတာပေါ့။ နောက်ပြီး လိမ်းကြည့်ပြီးတော့မှ အဆင်ပြေကြတယ်၊ ကြိုက်ကြတယ် နောက်ထပ် ၅၀ ရာခိုင်နှုန်း ယုံကြည်မှုတွေ ရခဲ့တယ်။ မကြီးက Makeup Artist တယောက်ဖြစ်တဲ့အတွက် အဲဒါတော့ တပန်းသာတာပေါ့” လို့ ခင်စန်းဝင်းက ပြောပါတယ်။
အဆိုပါ Brand ဖြစ်လာဖို့အတွက် မကြီးစန်းအနေနဲ့ အနုပညာရှင်များကို မိတ်ကပ် လိမ်းခြယ်တဲ့အခါ ဖော်စပ် လိမ်းခြယ်ပေးတဲ့ စပ်မိတ်ကပ် စပ်ပေါင်ဒါများကို ရောင်းချရင်း ဖြစ်လာတာပဲ ဖြစ်ပါတယ်။
“ခိုင်မာတယ်ဆိုတာကတော့ အဓိကက အားပေးတဲ့သူတွေ ရှိနေလို့ ရပ်တည်လို့ရတာပေါ့။ အဓိကကတော့ ဒီ Product လုပ်ဖို့အတွက် အရင်းအနှီး အများကြီးလိုတယ်။ ဒီဟာအတွက် သုံးလိုက်ရတဲ့လက်ဝတ်လက်စားတွေ အများကြီးရှိတယ်။ တခါတလေ ကိုယ်လုပ်ချင်တဲ့ ဆန္ဒတခုခု ရှိရင်တောင် ငါ ဒီ Product အတွက် ငွေစုထားရမယ် ဆိုတာတွေ ရှိတယ်။ တချို့မိတ်ဆွေတွေ ကူညီထားတာတွေ ရှိတယ်” လို့ ခင်စန်းဝင်းက ပြောပါတယ်။
KSW Beauty မှ စပ်မိတ်ကပ် စပ်ပေါင်ဒါအပြင် နောက်ထပ် အလှကုန်ပစ္စည်းများစွာကိုလည်း ရောင်းချသွားဖို့ ကြိုးစားလျက်ရှိပြီး ဒီပစ္စည်းများကိုတော့ ကိုရီးယားနိုင်ငံမှ ထုတ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။
ခင်စန်းဝင်းကတော့ Makeup Artist တယောက်အဖြစ် ရပ်တည်နေသလို သရုပ်ဆောင် အနေနဲ့လည်း “မကြီးစန်းနှင့် သူ၏ချစ်သူများ” ၊ “တနေ့တော့ ဒီအကြောင်းတွေ မောင့်ကိုပြောရဦးမယ်” ၊ “ကျားကျားကြိုက်ကြိုက်” စတဲ့ ဇာတ်ကားများကို ရိုက်ကူးထားပြီး ရုပ်ရှင်ဇာတ်ကားသစ်ကိုလည်း မကြာခင် ထပ်မံ ရိုက်ကူးတော့မှာပဲ ဖြစ်ပါတယ်။
You may also like these stories:
“အချစ်ရေးကတော့ မိဘတယာက်လိုနေရာမျိုးမှာပဲ ရှိနေပါတယ်”
မိန်းမလျာတွေကို ဝေဖန် ရှုတ်ချတာ မကြိုက်ဘူးလို့ ပြောတဲ့ မိတ်ကပ် ခင်စန်းဝင်း
“လျှပ်ပေါ်လော်လီ သိပ်မနေတဲ့သူဆိုတော့ ဟာသတွေ လုပ်ခိုင်းမှာတော့ စိုးရိမ်တယ်”
“မိန်းမလျာတွေကို အရင်လို မဟုတ်ဘဲ ချစ်ခင်တဲ့စိတ်နဲ့ ကြည့်လာကြတယ်”လို ခင်စန်းဝင်း ပြော