မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်ခဲ့တဲ့ ဖခင်ဖြစ်သူ ဇင်ဝိုင်းနဲ့ ပတ်သက်ပြီး လက်ရှိချိန်မှာတော့ ဇင်ဝိုင်းက မြေးတွေနဲ့ ပျော်နေတယ်လို့ သားဖြစ်သူ မင်းမော်ကွန်းက ဆိုပါတယ်။
“အဖေက အေးဆေးပါပဲ။ အဖေဆက်ပြီး ဥက္ကဋ္ဌလုပ်ရင်လည်း လက်ခံမှာပါ။ မလုပ်ရင်လည်း အေးဆေးပါပဲ။ အဖေ့ သဘောပါပဲ။ အခုတော့ နားနေတယ်။ သူ့ဝါသနာ၊ လုပ်ချင်တဲ့ အနုပညာတွေ လုပ်တယ်။ စာတွေ ဖတ်တယ်ပေါ့။ သူ့မြေးတွေနဲ့ တူတူ ပျော်နေတယ်ပေါ့။ ကျနော်တို့ မိသားစုအကုန်လုံးရဲ့ ပုံစံက အေးအေးချမ်းချမ်း နေချင်ကြတာပါ။ အေးအေးချမ်းချမ်းပဲ”လို့ မင်းမော်ကွန်းက ပြောပါတယ်။
လတ်တလောမှာတော့ မင်းမော်ကွန်းက “စီးကရက်ဖိုင်”ဆိုတဲ့ ဇာတ်လမ်းတွဲ ရိုက်ကူးနေပြီး ဒီဇာတ်လမ်းတွဲ အကြောင်းကိုလည်း အခုလိုပဲ ပြောပါတယ်။
“လက်ရှိတော့ ကျနော် စီးကရက်ဖိုင်ဆိုတဲ့ ဇာတ်လမ်းတွဲလေး ရိုက်ဖြစ်နေပါတယ်။ ဒါရိုက်တာ ထူးနွယ်အိမ်နဲ့ပါ။ ကျနော်ရယ်၊ တိုင်ရွန်ရယ်၊ အေးဝတ်ရည်သောင်းရယ်၊ ရတနာဗိုလ်ရယ်ပါ။ ကာရိုက်တာကတော့ ဝန်ထမ်းပါပဲ။ နောက်ထပ်လည်း လာပြောထားတဲ့ ဇာတ်လမ်းတွဲ တခုတော့ ရှိတယ်။ ဘယ်သူတွေ ပါမလဲတော့ ကျနော် မသိသေးပါဘူး”
“အရှေ့မှာ ကိုဝိုင်းနဲ့ ဇာတ်လမ်းတွဲ တခု ရှိတယ်။ မီးသတ်ကားပေါ့။ နောက်ထပ်လည်း ဒါရိုက်တာ ကျော်သားကြီးနဲ့ နေမဝင်နှလုံးသားများ ဆိုတဲ့ ဇာတ်လမ်းတွဲတခု ရှိတယ်”လို့ မင်းမော်ကွန်းက ဆိုပါတယ်။
ဇာတ်လမ်းတွဲများ ရိုက်ကူးပုံနဲ့ ရုပ်ရှင်၊ ဗီဒီယိုကားများ ရိုက်ကူးမှု ကွာခြားပုံအပိုင်းကိုလည်း မင်းမော်ကွန်းက အခုလိုပဲ ဆိုပါတယ်။
“ဇာတ်လမ်းတွဲ ကျတော့လည်း တပိုင်းစီ၊ တပိုင်းစီရဲ့ Tempo တွေကို ချိန်ရတာပေါ့။ ကာရိုက်တာနဲ့ ပတ်သက်ပြီး ပြင်ဆင်တာကတော့ ဇာတ်ကိုပဲ အခေါက်ခေါက် အခါခါ ဖတ်ပြီး ဇာတ်ကို ကျေညက်နေရင်တော့ သူ့ဘာသာသူ ဖြစ်လာတယ်လို့ ထင်ပါတယ်။ ရုပ်ရှင်ပဲဖြစ်ဖြစ်၊ ဗီဒီယိုပဲဖြစ်ဖြစ်၊ ဇာတ်လမ်းတွဲပဲဖြစ်ဖြစ် အားစိုက်ထုတ်ရတာချင်း အတူတူပါပဲ။ စိတ်နှစ်ပြီး လုပ်ရတာချင်းလည်း အတူတူပါပဲ”လို့ မင်းမော်ကွန်းက ပြောပါတယ်။
ဝါရင့် သရုပ်ဆောင် ဇင်ဝိုင်းရဲ့ သားဖြစ်သူ သရုပ်ဆောင် မင်းမော်ကွန်းဟာ ဇာတ်ကားတွေ ရိုက်ကူးနေသလို နှင်းဆီအဖွဲ့မှာလည်း ပါဝင်ကပြနေတဲ့ သရုပ်ဆောင်တဦး ဖြစ်ပါတယ်။
You may also like these stories:
“ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ တာဝန်မှ အနားယူခဲ့တဲ့ ဦးဇင်ဝိုင်းကို ကိုယ်ချင်းစာတယ်”
“ဥက္ကဋ္ဌနေရာ ဘယ်သူပဲတက်တက် တကယ်အလုပ်လုပ်တဲ့သူ ဖြစ်ဖို့ အရေးကြီးတယ်”
အားလုံးက မေတ္တာရပ်ခံတာကြောင့် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ယူပေးတဲ့ ညီညီထွန်းလွင်