မန္တလေးတိုင်းဒေသကြီး သဘင်အစည်းအရုံးဝင် ဇာတ်၊ အငြိမ့်၊ ဆိုင်း၊ ဘိသိက်အဖွဲ့များအား ငှားရမ်းသူများအနေဖြင့် တည်ထောင်ခွင့် လုပ်ငန်းလိုင်စင် မိတ္တူတောင်းရန် လိုအပ်လာပြီး အဆိုပါ တည်ထောင်ခွင့် လုပ်ငန်းလိုင်စင် မရှိသော အဖွဲ့များအား ယခုနှစ် သဘင်ရာသီမှ စတင်၍ ပွဲကပြခွင့် လုပ်ဆောင်ပေးမည် မဟုတ်ကြောင်း မန္တလေးတိုင်းဒေသကြီး သဘင်အစည်းအရုံးမှ သိရသည်။
“ကျနော်တို့ အဓိက ပြောချင်တာကတော့ ပွဲရှင် ပွဲငှားတွေကိုပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့အတွက် နစ်နာမှုတွေ ဖြစ်လာမှာစိုးတဲ့ အတွက်ပါ။ ပွဲမိန့်ကို ရပ်/ကျေး အဆင့်ကနေ မြို့နယ်အုပ်ချုပ်ရေးပိုင်းက လုပ်ပေးရတာပါ။ အဲဒီမှာ အရင်ကတော့ ကျနော်တို့ရဲ့ ထောက်ခံချက် မပါလည်း ပေးတယ်”
“ဒီနှစ်က စပြီးတော့ သက်ဆိုင်ရာမြို့နယ် သဘင်အစည်းအရုံးရဲ့ ထောက်ခံချက် မပါရင် ပွဲမိန့်ပေးမှာ မဟုတ်တဲ့အတွက် မိမိငှားရမ်းတဲ့ ဇာတ်၊ အငြိမ့်၊ ဆိုင်း၊ ဘိသိက်တွေရဲ့ တည်ထောင်ခွင့် လုပ်ငန်းလိုင်စင် မိတ္တူကို မဖြစ်မနေ တောင်းဖို့ လိုလာပါပြီ”ဟု မန္တလေးတိုင်းဒေသကြီး သဘင်အစည်းအရုံးမှ အတွင်းရေးမှူး ဦးပေါက်ကျိုင်းက ပြောသည်။
အဆိုပါ ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ၏ တရားဝင်ဆုံးဖြတ်ချက်နှင့် လမ်းညွှန်ချက်များဖြစ်ပြီး သဘင်နှင့် ပတ်သက်သည့် ပွဲမိန့်များနှင့် စပ်လျဉ်း၍ သဘင်အစည်းအရုံး အဖွဲ့အစည်း အဆင့်ဆင့်၏ စိစစ်ထောက်ခံချက် ရယူဆောင်ရွက်နိုင်ရန် လိုအပ်သည်ဟု သိရသည်။
ဒါ့အပြင် မြန်မာနိုင်ငံ သဘင်အစည်းအရုံးအဆင့်ဆင့်၏ ထောက်ခံချက်များ ပါရှိမှသာ ခွင့်ပြုပေးရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားပေးထားပြီးဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ သဘင်အဖွဲ့ဝင်တွေကို ကြပ်တာ မဟုတ်ပါဘူး။ ဒါဟာ နိုင်ငံတော်အဆင့်ရဲ့ ညွှန်ကြားချက်ကို ကျနော်တို့ သဘင်အစည်းအရုံးကနေ အကောင်အထည်ဖော် ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။အဓိက ကျနော်တို့သဘင် အဆင့်မြင့် တိုးတက်လာစေဖို့ အတွက်ပါပဲ”ဟု ဦးပေါက်ကျိုင်းက ဆက်လက် ပြောသည်။
မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)မှ ယခုနှစ် သဘင်ရာသီမှစ၍ တည်ထောင်ခွင့် စစ်ဆေးရေးကော်မတီတရပ် ဖွဲ့စည်းပြီး တည်ထောင်ခွင့် လုပ်ငန်းလိုင်စင်၊ ဖျော်ဖြေကပြခွင့် ပါမစ် (ပွဲမိန့်)များ ပြုလုပ်ထားခြင်း မရှိသော သဘင်နှင့်ပတ်သက်သည့် အဖွဲ့အစည်းများအား စိစစ်ခြင်း၊ စစ်ဆေးခြင်း၊ မေးမြန်းခြင်းများကို ပြုလုပ်သွားမည်ဟု သိရသည်။
“အနုပညာဖျော်ဖြေမှုဖြင့် အမှန်တကယ် အသက်မွေးဝမ်းကြောင်းပြုကြမယ့် အဖွဲ့တွေအနေနဲ့ နောက်ဆုံး သတ်မှတ်ရက်အတွင်း တည်ထောင်ခွင့် ပါမစ်တွေ လုပ်ထားဖို့ လိုတယ်။ ဒါမှလည်း ကျနော်တို့ သဘင်အဖွဲ့တွေအနေနဲ့ ဖြောင့်ဖြောင့်ဖြုးဖြူးနဲ့ တနှစ်ပတ်လုံး အေးအေးချမ်းချမ်း အလုပ်လုပ်နိုင်မှာဖြစ်တယ်”ဟု ပွဲတိုင်းကျော် ဇာတ်အဖွဲ့ တည်ထောင်သူ ကိုနိုင်ကိုကိုက ပြောသည်။
အဆိုပါကဲ့သို့ ပြုလုပ်ရာတွင် တည်ထောင်ခွင့် လုပ်ငန်းလိုင်စင် မရှိဘဲ ပွဲလက်ခံခြင်း၊ ကပြခြင်းများကို တွေ့ရှိရပါက သဘင်စည်းမျဉ်း၊ စည်းကမ်းများအတိုင်း အပြစ်ပေးခြင်း၊ အရေးယူခြင်း၊ ဒဏ်ရိုက်ခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်သလို ဖျော်ဖြေကပြခွင့် ပါမစ် (ပွဲမိန့်)များ မပါရှိပါကလည်း ပွဲကပြခွင့် ရပ်နားသည်အထိ အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။
ယခုနှစ် သဘင်ရာသီအတွက် မန္တလေးသဘင်အစည်းအရုံးတွင် ဇာတ်အဖွဲ့ပေါင်း ၃၉ ဖွဲ့၊ အငြိမ့် ၄ ဖွဲ့၊ ဆိုင်းအဖွဲ့ ၄၀ ကျော်နှင့် ဘိသိတ် ၆၀ ကျော်ရှိကြောင်း သိရသည်။
You may also like these stories:
မြန်မာ့ဇာတ်သဘင်ကို ခေတ်နဲ့အညီ ကပြ ဖျော်ဖြေသွားမယ့် ဇာတ်မင်းသား သူရဗိုလ်
“ဇာတ်ပွဲမှာ စတိတ်ရှိုး မဆိုရဘူးလို့ လုပ်ပိုင်ခွင့်နဲ့ အာဏာ မရှိဘူး”ဟု ဇာတ်မင်းသား ဖိုးချစ် ပြော
တံတားဦး မြင်းဝန်သုဿန်ရှိ အငြိမ့်မင်းသမီးကြီး မထွေးလေး အုတ်ဂူ၊ နွားကျော်ထသုဿန်သို့ ရွေ့မည်