K-pop အမျိုးသားအဆိုတော်အဖွဲ့ Super Junior ရဲ့ အဖွဲ့ဝင် Choi Siwon ဟာ ဟောင်ကောင်ဆန္ဒပြပွဲ တွေနဲ့ ပတ်သက်တဲ့ Twitter ပေါ်က တောင်ကိုရီးယားသတင်းပို့စ်တခုကို Like ပေးခဲ့မိတဲ့အတွက် ၁၆ သန်းရှိတဲ့ သူ့ရဲ့ တရုတ်ပရိသတ်တွေကို တောင်းပန်စကား ဆိုခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ် အဆိုတော် Choi ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့တုန်းက ရဲတပ်ဖွဲ့ဝင် တဦးရဲ့ ပစ်ခတ်မှုကို ခံခဲ့ရတဲ့ အသက် ၂၁ နှစ်အရွယ် ဟောင်ကောင်ဆန္ဒပြသူ Chow Pak-kwan နဲ့အင်တာဗျူးထားတဲ့ တောင်ကိုရီးယား သတင်းစာ Chosun ရဲ့ ပို့စ်တခုကို Like ပေးခဲ့ပြီးတဲ့နောက် Unlike ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။
တရုတ်ပြည်မကြီးက အင်တာနက် အသုံးပြုသူတွေကတော့ အဆိုတော် Choi အနေနဲ့ Super Junior အဖွဲ့က နုတ်ထွက်ဖို့ တိုက်တွန်းနေကြတာကို တွေ့ရပါတယ်။ ဒါဟာ ဟောင်ကောင်မှာ ၆ လနီးပါးကြာမြင့်ခဲ့ပြီဖြစ်တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို ထောက်ခံတယ်ဆိုတဲ့ စွဲချက်နဲ့ အမျိုးသားရေးစိတ်ပြင်းထန်တဲ့ တရုတ်နိုင်ငံသားတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုကို ခံခဲ့ရတဲ့ နောက်ဆုံး နာမည်ကျော်ကြားသူလည်း ဖြစ်လာခဲ့ရပါတယ်။
Weibo လူမှုကွန်ရက်ပေါ်က မှတ်ချက်ပေးသူတွေကတော့ အဆိုတော် Choi ဟာ ဟောင်ကောင်လွတ်လပ်ရေးကို ထောက်ခံသူဖြစ်တယ်လို့ စွပ်စွဲနေကြပါတယ်။ Weibo ပေါ်က အဆိုတော် Choi ရဲ့ စာမျက်နှာမှာ မှတ်ချက်ပေးသူတဦးက “ခင်ဗျားဘာမှမသိပါဘူး။ အဲ့ဒါကို ဘာကြောင့် Like ပေးခဲ့ရတာလဲ” လို့ ရေးသားခဲ့ပါတယ်။
နောက်ထပ် မှတ်ချက်ပေးသူတဦးက “တကယ်လို့သာ စိတ်ရင်းနဲ့ တောင်းပန်တယ်ဆိုရင် ဘာလို့ Facebook နဲ့ Instagram မှာ ကြေညာချက် မတင်သလဲ။ တရုတ် ပရိသတ်တွေက အရူးတွေလို့ ထင်မနေပါနဲ့”လို့ ရေးခဲ့ပါတယ်။
Twitter မှာ တရုတ်နိုင်ငံဘက်က Follower ၆ ဒဿမ ၇ သန်းကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် Choi ဟာ Weibo ကနေတဆင့် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ တောင်းပန်လိုက်ပါတယ်။ သူက “Twitter ပေါ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စကြောင့် ပြဿနာတချို့ကို ပေါ်ပေါက်စေခဲ့တယ်ဆိုတာ တွေ့ပါတယ်”
“ကျနော့် လုပ်ရပ်တွေ အတွက် အကြမ်းဖက်မှုတွေနဲ့ ဆူပူမှုတွေဟာ ဖြစ်နိုင်ရင် အမြန်ဆုံး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်လာနိုင်ပါစေဆိုတဲ့ ဆန္ဒကို ထုတ်ဖော်ပြောချင်ပါတယ်။ ဒီလိုမျိုး အပြုအမူကြောင့် အငြင်းပွားဖွယ် ကိစ္စတော်တော်များများ ဖြစ်ခဲ့ရတာ။ လူတွေကို စိတ်ဆိုး၊ စိတ်ပျက်စေခဲ့ရတာကြောင့် လူတိုင်းကို စိတ်ရင်းနဲ့ တောင်းပန်လိုကြောင်း ပြောချင်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
Super Junior အဖွဲ့ရဲ့ တရုတ်ပရိသတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ELF ပရိသတ်အဖွဲ့ကတော့ လာမယ့် ဇန်နဝါရီလထဲ မကာအိုမှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲမှာ အဆိုတော် Choi ပါဝင်လာမှာကို သပိတ်မှောက်ဖို့နဲ့ တရုတ်ပြည်မကြီးမှာ သူ့အနေနဲ့ အနုပညာလုပ်ငန်းတွေ မလုပ်ကိုင်ဖို့ တောင်းဆိုထားတာကိုလည်း တွေ့ရပါတယ်။
Ref:asiaone
You may also like these story:
ခွေး ကိုက်ခံရတဲ့ အမျိုးသမီး သေဆုံးမှုအတွက် Super Junior အဖွဲ့ဝင် Choi Siwon တောင်းပန်