အမေရိကန် ပေါ့ပ်ဂီတ ဆုပေးပွဲကြီးတပွဲ ဖြစ်တဲ့ ဂရမ်မီ ဆုပေးပွဲရဲ့ ၂၀၂၀ ပြည့်နှစ်မှာ ကျင်းပမယ့် ပွဲအတွက် ဆုဆန်ခါတင် စာရင်းမှာ K-pop အဖွဲ့ BTS ပါဝင်လာခဲ့ခြင်း မရှိခဲ့တဲ့အတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
အမေရိကန် အသံသွင်း အကယ်ဒမီကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ဆန်ခါတင်စာရင်းမှာဆိုရင် အဖွဲ့ဝင် ၇ ဦး ပါဝင်တဲ့ ကိုရီးယားအဖွဲ့ ပါဝင်လာနိုင်တယ်ဆိုပြီး အများက ထင်မှတ်ထားခဲ့ကြတာ ဖြစ်ပါတယ်။
သူတို့အဖွဲ့ရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ အယ်လ်ဘမ်ဖြစ်တဲ့ “Map of the Soul: Persona” ဟာ Billboard ရဲ့ ထိပ်တန်း အယ်လ်ဘမ် ၂၀၀ စာရင်းမှာ ထိပ်ဆုံးကနေ ရပ်တည်ခဲ့သလို ဗြိတိသျှအဖွဲ့ဖြစ်တဲ့ The Beatles အဖွဲ့ နောက်ပိုင်း တနှစ်အတွင်း ၃ ကြိမ် ဇယားထိပ်ကို ရောက်ခဲ့တဲ့ ပထမဆုံးဂီတပညာရှင်တွေ ဖြစ်လာခဲ့ပါတယ်။
အမေရိကန် ဂီတလောကမှာ BTS အဖွဲ့ရဲ့ ထင်မှတ်မထားလောက်တဲ့ လုပ်ဆောင်ချက်တွေကို ၂၀၂၀ ဂရမ်မီဆု ဆန်ခါတင် စာရင်းက အသိအမှတ် မပြုတာနဲ့ တခြား ယဉ်ကျေးမှုထဲက အနုပညာရှင်တွေကို ဂရမ်မီက အသိအမှတ်ပြုလိုစိတ် မရှိဘူးဆိုတဲ့ မှတ်ချက်တွေနဲ့ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။
Forbes မဂ္ဂဇင်းကတော့ ဂရမ်မီဆုပေးပွဲရဲ့ အရည်အသွေးက ဒိတ်အောက်နေပြီး ကိုယ်ကြိုက်တဲ့သူကိုပဲ မဲပေးဖို့ လုပ်တယ်လို့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးတခုမှာ ဝေဖန်ထားပါတယ်။
အဲ့ဒီ ဆောင်းပါးထဲမှာ “BTS အဖွဲ့ဟာ ဂရမ်မီ ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့သင့်တာ။ ဒါပေမယ့် ၂၀၂၀ ဂရမ်မီဆု ဆန်ခါတင်စာရင်း မှာ လုံး၀ ပါဝင်မလာတာဟာ အသံသွင်း အကယ်ဒမီအနေနဲ့ ယဉ်ကျေးမှုအမြင်တွေ ပျောက်ကွယ်နေပြီ။ နာမည်ကျော် ဂီတရေစီးကြောင်းတခုနဲ့ ထိတွေ့မှု လွဲချော်နေပြီ ဆိုတာကို ပြနေပါတယ်” လို့ ဖော်ပြထားပါတယ်။
အမေရိကန်ပေါ့ပ်မဂ္ဂဇင်း Rolling Stone ကလည်း ၂၀၂၀ ပြည့်နှစ် ဆုပေးပွဲမှာ BTS အဖွဲ့ကို မသိကျိုးကျွံ ပြုလိုက်တာကြောင့် ဂရမ်မီဟာ နောက်ကောက်ကျကျန်ခဲ့ပြီလို့ စွပ်စွဲထားပါတယ်။
“ပြဿနာက BTS အဖွဲ့ထက်ကို ကျော်လွန်နေတာပါ။ အမေရိကန် သောတရှင်တွေက အရင်ကထက် ပိုကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်လာကြပါပြီ။ တောင်ကိုရီးယားက အဆိုတော်တွေသာမက နိုင်ဂျီးရီးယား၊ ကိုလံဘီယာနဲ့ စပိန်နိုင်ငံက အနုအပညာရှင်တွေကိုလည်း တိုးတက်အားပေးလာကြပါပြီ”လို့ မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။
BTS အဖွဲ့နဲ့ “Boy With Luv” သီချင်းမှာ အတူတွဲသီဆိုခဲ့တဲ့ အမေရိကန်အဆိုတော် Halsey ကတော့ ဆန်ခါတင်စာရင်းနဲ့ ပတ်သက်လို့ စိတ်ပျက်မိကြောင်းနဲ့ BTS အဖွဲ့ဟာ ဆန်ခါတင်စာရင်း နေရာတော်တော်များများမှာ ပါဝင်ဖို့ ထိုက်တန်တယ် လို့ Twitter မှာ ရေးသားခဲ့ပါတယ်။
နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အမေရိကန် ဂီတဆုပေးပွဲမှာတော့ BTS အဖွဲ့ဟာ အကြိုက်ဆုံးပေါ့ပ်၊ ရော့ခ် နှစ်ယောက်တွဲနဲ့ အဖွဲ့ ဆု၊ အကြိုက်ဆုံးနယ်လှည့်ဖျော်ဖြေပွဲဆုနဲ့ အကောင်းဆုံး ဆိုရှယ်အနုပညာရှင်ဆုတို့ကို ရရှိခဲ့ပါတယ်။
Ref: yonhap
You may also like these stories:
ဖျော်ဖြေပွဲကို ရုပ်ရှင်ရုံတွေမှာ တိုက်ရိုက် ထုတ်လွှင့်ပြသမယ့် BTS အဖွဲ့
နှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေ ဆိုးရွားနေပေမယ့် BTS အဖွဲ့ရဲ့ ဂျပန်ဖျော်ဖြေပွဲ အောင်မြင်ခဲ့