အခုနှစ်အတွက် ကျင်းပမယ့် တရုတ်အော်စကာလို့ လူသိများကြတဲ့ ရွှေမြင်းဆုပေးပွဲမှာ တရုတ် မပါဝင်လာခြင်းဟာ ဆုံးရှုံးမှုတခုဖြစ်တယ်လို့ ဒါရိုက်တာ အန်းလီက နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ နှစ်က အငြင်းပွားဖွယ်ကိစ္စတွေကြောင့် တရုတ်ဘက်ကနေ အဲ့ဒီဆုပေးပွဲကို သပိတ်မှောက်ထားတာလည်း ဖြစ်ပါတယ်။ တရုတ်ရုပ်ရှင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က သူတို့နိုင်ငံရဲ့ ရုပ်ရှင်လုပ်ငန်းဟာ ထိုင်ဝမ်ရဲ့ ရွှေမြင်းဆုပေးပွဲမှာ ပါဝင်မှာ မဟုတ်ကြောင်း ပြီးခဲ့တဲ့ သြဂုတ်လမှာ ပြောဆိုထားပြီး အကြောင်းပြချက်ကိုတော့ ပြောဆိုခဲ့တာ မရှိခဲ့ပါဘူး။
ဒါဟာ တရုတ်အစိုးရနဲ့ သူတို့ပိုင်ဆိုင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းနယ်မြေတို့ကြား တင်းမာမှုမြင့်တက်လာတာကို ပြသနေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ ထိုင်ဝမ်ဒါရိုက်တာ Fu Yue က ထိုင်ဝမ်ရဲ့ တရားဝင်လွတ်လပ်ရေးကို ထောက်ခံကြောင်း မှတ်ချက်ပေး ပြောဆိုခဲ့တဲ့အတွက် တရုတ်နာမည်ကျော်ကြားသူတွေကြားမှာရော၊ တရုတ်နိုင်ငံအတွင်းမှာရော ဂယက်ရိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ထိုင်ဝမ်မှာ မွေးဖွားခဲ့သူ အော်စကာဆုရှင် ဒါရိုက်တာလီက “လူတိုင်း သိတဲ့အတွက် မှတ်ချက်ပေးဖို့ မလွယ်ပါဘူး။ ရုပ်ရှင်ပွဲတော်မှာ ပါဝင်တဲ့အလုပ်တွေနဲ့ ကော်ဇောနီထက်မှာ မြင်တွေ့နိုင်တဲ့ ဆုံးရှုံးမှုတခုပါ။ ဒီနှစ်မှာ ရုပ်ရှင်နဲ့ ပါဝင်ကြသူတွေ နည်းသွားလို့ စိတ်မကောင်း ဖြစ်မိပေမယ့် ကျနော်တို့ရဲ့ လက်တွေကို အမြဲဖွင့်လှစ်ထားပါတယ်။ တကယ်လို့ သင်ဟာ တရုတ်စကားပြော ရုပ်ရှင်ဒါရိုက်တာ ဆိုရင် ကျနော်တို့ ခင်ဗျားကို ကြိုဆိုပါတယ်” လို့ ဆိုပါတယ်။
ထိုင်ဝမ်ဒါရိုက်တာ Chung Mong-hong ရဲ့ မိသားစုဒရာမာ “A Sun” နဲ့ ထိုင်ဝမ်ဒါရိုက်တာ John Hsu ရဲ့ သည်းထိတ်ရင်ဖို စိတ္တဇရုပ်ရှင် “Detention” တို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်ညပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ဆုပေးပွဲမှာ ဆုတွေအသီးသီး ရရှိခဲ့ပါတယ်။
ဒါရိုက်တာ Hsu ကတော့ လနဲ့ချီပြီး ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ဟောင်ကောင်က ဆန္ဒပြပွဲတွေအကြောင်း အကြမ်းဖျင်း ပြောကြားခဲ့ပါတယ်။ အဲ့ဒီလို ဖြစ်ရပ်တွေကြောင့် လွတ်လပ်ရေးကို ဘယ်လိုရရှိလာခဲ့သလဲဆိုတာကို မမေ့နိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
၁၉၉၆ ခုနှစ်နောက်ပိုင်းမှာ အခုလိုမျိုး တရုတ်ရုပ်ရှင်တွေ အဆိုပြုစာရင်းမှာ ပါဝင်မလာတာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။ တရုတ်အစိုးကတော့ စစ်ရေးလေ့ကျင့်တာလိုမျိုး ဖိအားတွေကို တိုးမြှင့်ပေးနေတဲ့ ကြားမှာ ထိုင်ဝမ်ကျွန်းရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို နိုင်ငံတကာစင်မြင့်ထက်မှာ ပြသလေ့ရှိပါတယ်။
တိုင်ပေ အစိုးရကတော့ လာမယ့် ဇန်နဝါရီလမှာ ကျင်းပမယ့် ထိုင်ဝမ်သမ္မတနဲ့ ဥပဒေပြုအမတ် ရွေးကောက်ပွဲတွေကို ကြိုးကိုင် ခြယ်လှယ်ဖို့ ရည်ရွယ်ပြီး တရုတ်က လုပ်ကိုင်နေတာကို ရှုမြင်တဲ့အကြောင်း ပြောဆိုထားပါတယ်။
ရွှေမြင်းဆုပေးပွဲကို ၁၉၆၂ ခုနှစ်မှာ စတင်ထူထောင်ခဲ့တာဖြစ်ပြီး တရုတ်ရုပ်ရှင်လောကမှာ ဂုဏ်သိက္ခာအကြီးမားဆုံး ဆုပေးပွဲကြီး တပွဲ ဖြစ်ပါတယ်။ တရုတ်ပြည်မကြီး၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့ကနေ လာတဲ့ ရုပ်ရှင်တွေကို အဓိကထား ရွေးချယ်တာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ အရှေ့တောင်အာရှကနေ လာတဲ့ ရုပ်ရှင်တွေလည်း ဝင်ရောက် ယှဉ်ပြိုင်တာကို တွေ့ရပါတယ်။
Ref: asiaone
You may also like these stories:
ထိုင်ဝမ် ရွှေမြင်းဆုပေးပွဲမှာ ပါဝင်ရန် တရုတ်ရုပ်ရှင်နဲ့ သရုပ်ဆောင်များ တားမြစ်ခံရ
အခွန်ရှောင် အရှုပ်တော်ပုံနဲ့ ရင်ဆိုင်ခဲ့ရပြီး ဆိုရှယ်မီဒီယာပေါ်မှာ ဓာတ်ပုံပြန်တင်ခဲ့တဲ့ ဖန်ဘင်းဘင်း