Entertainment

မြန်မာပြည်ရဲ့ မော်ဒယ်လောကမှာ အမျိုးသားမော်ဒယ်တွေက အလုပ်မဖြစ်ဘူးလို့ ဂျွန်လွင် ပြော

လက်ရှိ မြန်မာ့ရုပ်ရှင်လောကနဲ့ မော်ဒယ်လောကမှာ အောင်မြင်နေတဲ့ မင်းသား၊ မင်းသမီး၊ မော်ဒယ်များကို မွေးထုတ်ပေးခဲ့တဲ့ Star & Model Agency မှ ဂျွန်လွင်ကတော့ မြန်မာပြည်ရဲ့ မော်ဒယ်လောကမှာ အမျိုးသားမော်ဒယ်များက အလုပ်မဖြစ်ဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“ဒီးနဲ့ ငြိမ်းချမ်း၂ ယောက်ထဲက တယောက်ကိုက ရွေးကို ရွေးရတော့မယ်ဆိုတော့ ကျနော့်အနေနဲ့ ကြည့်လိုက်တဲ့အခါမှာ ဒီးဟာ မော်ဒယ်လောကရဲ့တနေ့ အသုံးဝင်လာမယ့် မော်ဒယ်တယောက် ဖြစ်လာမယ်။ ငြိမ်းချမ်းကလည်း မဖြစ်ဘူး မဟုတ်ဘူး။ ဖြစ်တယ်။ မြန်မာပြည်ရဲ့ဈေးကွက်မှာ အမျိုးသားမော်ဒယ်တွေက သိပ်အလုပ်မဖြစ်ဘူး”

“မင်းသားတွေက အလုပ်ဖြစ်တယ်။ ရုပ်ရှင်ရိုက်မယ်ဆိုရင် ငြိမ်းချမ်းဟာ အရမ်း အလုပ်ဖြစ်မယ်။ ဒီးအနေနဲ့က ရုပ်ရှင်ရိုက်လို့ မရဘူး။ ဒီးကိုကြည့်လိုက်တော့ မော်ဒယ်လောကမှာ တကယ့်ကို စူပါတန်းဝင်တယောက် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်တဲ့အတွက်ကြောင့် ပွဲရောက်လို့ ၁၀ မိနစ်လောက်မှာ ဘယ်သူပေးပေး၊ မပေးပေး Winner ပေးလိုက်ပြီလို့ ရေးလိုက်တယ်” လို့ ဂျွန်လွင်က ပြောပါတယ်။

ဒီရက်ပိုင်းက ပြီးသွားခဲ့တဲ့ Model Academy Season 3 နဲ့ပတ်သက်ပြီးတော့ နောက်ဆုံးကျန်ခဲ့တဲ့ ပြိုင်ပွဲဝင် ၂ ဦးအပေါ် သုံးသပ်ကာ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးခဲ့တဲ့အပေါ်မှာ Fan များက ကောမန့်များ လာရောက် ရေးသားခဲ့ပြီး ဆုရရှိခဲ့တဲ့ ငြိမ်းချမ်းအပေါ် မကောင်းပြောတာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“အဲဒါနဲ့ ပတ်သက်ပြီးတော့ ဒီးကို မော်ဒယ်လောကက ကြိုဆိုပါတယ်လို့ ရေးပြီး ငြိမ်းချမ်းကို မင်းသားပဲလုပ်သင့်တယ်လို့ ရေးလိုက်တယ်။ အဲ့အောက်မှာ ကောမန့်တွေ ပွထနေအောင် ရေးကြတာ ဘာမှန်းကို မသိဘူး။ ငြိမ်းချမ်းကိုလည်း ကျနော်က ဟိုလိုပြောတာ မဟုတ်ဘူး။ မော်ဒယ်နဲ့ မင်းသားဆိုရင် မင်းသားက ပိုတောင် ကြေးမြင့်သေးတယ်”

“ကျနော်တို့ဆီက မော်ဒယ်တော်တော်များများကလည်း မော်ဒယ်လောကကနေ မင်းသားဖြစ်အောင်တင်ပေးထားတာ။ ဝင်ငွေအကောင်းဆုံးက မင်းသားတွေပဲ ကောင်းတာလေ။ မြင့်မြတ်တောင်မှ တကားကို သိန်း ၅၀၀ တို့ ၈၀၀ တို့ရနေတယ် ဆိုတော့ စဉ်းစားသာကြတော့ ။ မော်ဒယ်ဆို Show တပွဲလျှောက်မှ ၂ သိန်းတို့ ၃သိန်းတို့ တကယ် စူပါတန်းဝင်မှ ၅ သိန်းတို့ ရကြတာလေ”လို့ ဂျွန်လွင်က ပြောပါတယ်။

ဂျွန်လွင့်အနေနဲ့ ပြိုင်ပွဲဝင် ၂ယောက်ဖြစ်တဲ့ ငြိမ်းချမ်းနဲ့ ဒီး ၂ယောက်ထဲမှ ဒီးကို Winner အဖြစ်သတ်မှတ်ခဲ့ပေမယ့် ဒိုင်များအနေနဲ့ကတော့ ငြိမ်းချမ်းကို Winner အဖြစ် ပေးခဲ့တဲ့ အပေါ်မှာလည်း ဘယ်လို ဆုံးဖြတ်ချက်နဲ့ပေးလဲ ဆိုတာ မသိတော့ဘူးလို့ ဆိုပါတယ်။

“ဘယ်လိုပဲဖြစ်ဖြစ် Title တခုကိုပေးတော့မယ်ဆိုရင် ဒိုင်တွေကတော့ ဘယ်လိုဆုံးဖြတ်လဲ ကျနော် မသိဘူး။ ဒါပေမယ့် ဒီးသာလျှင် Model Academy ရဲ့ Winner ရသင့်လို့ ရေးလိုက်တာ။ မရလည်း မရရော ကျနော်လည်း အံ့သြသွားတယ်။ ကိုယ်တောင်မှ မော်ဒယ်မျိုးစေ့ကို မြန်မာနိုင်ငံမှာ ချထားတဲ့သူဖြစ်တယ်။ ဒိုင်တွေက ဘယ်လိုဆုံးဖြတ်ချက်နဲ့ ပေးလဲ ဆိုတာတော့ ကျနော်လည်း မသိတော့ဘူးပေါ့” လို့ ဂျွန်လွင်က ပြောပါတယ်။

သူ့အနေနဲ့ကတော့ ၂ယောက်စလုံးနဲ့ အလုပ်တွေဆက်လုပ်သွားဖို့ရှိပြီး မကြာခင်မှာ Maybelline ကပြုလုပ်မယ့် ပွဲတပွဲမှာလည်း ပါဝင်ဖို့အတွက် ပြောထားတယ်လို့ သိရပါတယ်။

“ဒီဇင်ဘာ ၁ ရက်နေ့မှာ Sweet December ဆိုပြီး Maybelline က လုပ်မယ့်ပွဲ ရှိပါတယ်။ ဒီးက ပထမက Fitting မလာဘူးဆိုလို့ ကျနော်နဲ့တောင် ပြဿနာဖြစ်သွားသေးတယ်။ စကားပြောတာတွေ နည်းနည်းရင့်တယ်ဆိုပြီးတော့ ဒါပေမယ့် သူကလည်း ဖုန်းဆက်ပြီး တောင်းပန်လာတယ်။ ကျနော်ကလည်းခွင့်လွှတ်တယ်။ ဒါက ဒီလိုပဲ ကလေးတွေဆိုတော့ မှားတတ်တယ်လေ”

“ ဗွေယူပြီးတော့ တသက်လုံးရင်ထဲမှာ တေးထားတယ်ဆိုတာ ကျနော်တို့ လူကြီး မဟုတ်ဘူး။ သူ့ရဲ့အရည်အချင်းကို ကြိုက်တယ်။ သူ့ရဲ့ Body ဆိုရင်လည်းအရမ်းမိုက်တယ်။ နိုင်ငံတကာမှာလည်း ချပြလို့ ရတယ်။ အဲဒါကြောင့်သူ့ကို ကျနော့်ပွဲမှာ ပါဖို့အတွက် ရွေးချယ်ခဲ့တယ်” လို့ ပြောပါတယ်။

ဂျွန်လွင်ကတော့ သူတာဝန်ယူ ကျင်းပတဲ့ ပွဲများမှာ အသစ်အသစ်သော မျက်နှာသစ် မော်ဒယ်များနဲ့ ပြုလုပ်ရတာကို သဘောကျပြီး လူငယ်တွေကိုလည်း နေရာပေးပြီး လုပ်ဖြစ်တယ်လို့ ဆိုပါတယ်။

မော်ဒယ်များကို မွေးထုတ်ခဲ့တဲ့ လူတယောက်အနေနဲ့ ပွဲများမှာ ဒိုင်လုပ်ဖို့အတွက် ကမ်းလှမ်းမှုများ ရှိသော်လည်း အလုပ်များနဲ့အားလပ်ခြင်း မရှိတာကြောင့် ဘေးနားက အကြံပေးတာမျိုးပဲ လုပ်နိုင်တယ်လို့ ဆိုပါတယ်။

စင်ကာပူနိုင်ငံကနေ မြန်မာနိုင်ငံကို မော်ဒယ်လုပ်ငန်းနဲ့ စတင်လာခဲ့တဲ့ ဂျွန်လွင်ကတော့ ယနေ့ထိတိုင် အောင်မြင် ကျော်ကြားနေတဲ့ မင်းသား၊ မင်းသမီးများ၊ စူပါမော်ဒယ် အများအပြားကို မွေးထုတ်ပေးခဲ့ပြီး ခမ်းနားတဲ့ ပွဲများစွာလည်း ဦးဆောင် ကျင်းပလျက် ရှိပါတယ်။

You may also like these stories:

“The Model Academy က လိုအပ်တဲ့ အပိုင်းကိုပဲ တင်ပြတာပါ”လို့ ဇင်အောင် ပြော

“အောင်ရဲလင်းနဲ့ မိုးဟေကိုက အောင်မြင်သွားလည်း မပြောင်းလဲဘူး”လို့ ဂျွန်လွင် ပြော

“The Model Academy က Reality Show ဖြစ်တဲ့အတွက် Public ကို ချပြခဲ့တာ”လို့ သန္တာလှိုင် ပြော

Loading