ကျောက်ကပ်ရောဂါ ဝေဒနာ ခံစားနေရတဲ့ ဟာသ သရုပ်ဆောင် ကစ်ကစ်ဟာ ယနေ့၊ နိုဝင်ဘာလ ၂၆ ရက်နေ့၊ မနက် ၁၀ နာရီ ၄၀ မိနစ်အချိန်၊ ရန်ကုန်မြို့၊ ကုတင် ၅၀၀ ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါပြီ။ အနုပညာအသိုင်းအဝိုင်းကလည်း စိတ်မကောင်းဖြစ်ကြသလို ဟာသ သရုပ်ဆောင် မိုးဒီ၊ ခင်လှိုင်နဲ့ ခင်သဇင်တို့ကလည်း ဝမ်းနည်းစကားများ ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။
မိုးဒီ
ကျနော် အခုမှသိရတော့ အရမ်းစိတ်မကောင်း ဖြစ်ရပါတယ်။ ရင်ထဲ မကောင်းလိုက်တာ။ သနားလိုက်တာ။ အရမ်း စိတ်မကောင်းဘူး။ ကျဆုံးခြင်း မလှဘူး။ ကျနော်တို့ အနုပညာသမားတွေက သိပ်နောင်တရစရာ ကောင်းတယ်။ ကျနော်က ဇာတ်ခုံပေါ် ရောက်ရင် ပရိသတ်က ပျော်ရွှင်နေရင် ကျနော်တို့လည်း ပျော်ရွှင်ရတယ်။ ကျနော်တို့ နောင်ရေးဆိုတာကို ဘယ်တုန်းကမှ မတွေးဖြစ်ခဲ့ကြဘူး။ အခုတော့ ဒုက္ခလှလှတွေ ခံစားကြရတာပေါ့။
အနုပညာသမားတွေ သတိထားကြပါ။ သူနဲ့လည်း မတွေ့တာ တော်တော်ကြာသွားပြီ။ ကျန်းမာတုန်းကတော့ ကားတွေ အတူတူ ရိုက်တာပေါ့။ မကျန်းမာတော့ မတွေ့ဖြစ်ဘူး။ တော်တော် ဝမ်းနည်းပါတယ်။ ပြောရင်းလည်း မျက်ရည်ကျရပါတယ်။ သမီးလေးက မလိမ္မာဘူးလို့ ကြားတယ်။ ဒါပေမယ့် ကူညီထောက်ပံ့မယ်သူတွေ ရတယ်လို့တော့ ကြားတော့ ဝမ်းသာရတယ်။ အနုပညာကိုချစ်လို့ ထောက်ပံ့ကူညီပေးကြတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။
ခင်လှိုင်
လိုင်းပေါ်မှာ ကွယ်လွန်သွားတယ်လို့တော့ တွေ့တယ်။ မဟုတ်ပါနဲ့လို့ပဲ ဆုတောင်းနေတာ။ အခုလိုကွယ်လွန်သွားတော့ စိတ်မကောင်းပါဘူး။ ကစ်ကစ်ဆိုတာ ကျနော့် ညီမလေး လိုပါပဲ။ မိသားစုကလည်း တကွဲတပြားစီ ဖြစ်နေတော့ အရမ်းဝမ်းနည်းဖို့ ကောင်းပါတယ်။ ဝေဒနာကလည်း အရမ်းပြင်းတော့ သူ့ခမျာလည်း ၂ ယောက်တည်း နေနေရတော့ ဝဋ်ကြွေးကုန်သွားတယ်လို့ပဲ သတ်မှတ်ရမှာပေါ့။
ကျနော်တို့ ကစ်ကစ်နဲ့တွေ့တာ ကိုဒိန်းဒေါင်ပွဲမှာ သီချင်းသွားဆိုတော့ နောက်ဆုံး ဆုံဖြစ်တယ်။ အရင်ဆေးရုံ တက်နေတုန်းက ကျနော် မတည်ပြီး အလှူငွေတွေ ကောက်ပြီး သွားပေးဖြစ်ခဲ့တယ်။ ကျနော်တော့ မပါသွားခဲ့ဘူး။ ဟိုရက်ကတောင် ကျနော်တို့ “ဇဝန” ဖောင်ဒေးရှင်းကနေ သွားလှူဖို့ လုပ်နေသေးတယ်။ ကျနော်ကလည်း ကားရိုက်ရှိနေတာနဲ့ မသွားဖြစ်လိုက်ဘူး။ အခုတော့ ဆုံးသွားတာ စိတ်မကောင်းပါဘူး။ ကစ်ကစ်က ပျော်ရွှင်ရွှင်နေတတ်တယ်။ သူနဲ့တွေ့ရင် သူ့ဘဝ အကြောင်းတွေ ပြောပြောပြတယ်။ ကွယ်လွန်သွားတော့ တော်တော် စိတ်မကောင်းဖြစ်ရပါတယ်။
ခင်သဇင်
မကစ် ဆုံးသွားတာ ဖြေစရာတော့ မရှိဘူး။ ညင်ညင်သာသာနဲ့ ထွက်သွားတာကိုပဲ စိတ်ချမ်းသာရပါတယ်။ ဝဋ်ကြွေးတွေ ကျေသွားတာပေါ့။ ဇင် သူ့အသက်ကို မမီလိုက်ဘူး။ အလှူရှင်သစ်တွေ ရှာပေးထားလို့ သူဝမ်းသာနေတာ။ အိမ်လခတွေ ဆေးဖိုးတွေ ရလို့ပျော်နေချိန် ဇင်တို့လည်း ပျော်ပေးနေတာပေါ့။ ဒါပေမယ့် အစောကြီး ထွက်သွားတာ အရမ်းစိတ် မကောင်းဘူး။ ဘာမှ မပြောလိုက်ရဘူး။
ဘဝဆက်တိုင်းတိုင်း ဒီလို ရောဂါဆိုးမျိုးနဲ့ မကြုံပါစေနဲ့လို့ ဇင်ဆုတောင်းပေးပါတယ်။ မကစ်ကို ကျောက်ကပ် ဆေးပေးနေတာ ၁ နှစ်ပဲ ရှိပါသေးတယ်။ တာဝန်ကျေခဲ့လားလို့ ပြန်စဉ်းစားရင်တော့ ဇင်မထွက်သွားစေချင်သေးဘူး။ သူ့အတွက် အကောင်းဆုံးတော့ လုပ်ပေးခဲ့ပါတယ်။
သရုပ်ဆောင် ကစ်ကစ်ဟာ ဆီးချိုရောဂါကို ခံစားနေသလို ကျောက်ကပ်ကပါ မကောင်းတဲ့အတွက် အချိန်တော်ကြာ ဆေးကုသမှု ခံယူခဲ့ရတာကြောင့် အနုပညာအလုပ်တွေနဲ့ရော ပရိသတ်တွေနဲ့ပါ အဆက်အသွယ် ပြတ်ခဲ့ရပါတယ်။
ကစ်ကစ်ဟာ ၂၀၁၈ ခုနှစ် နှစ်စပိုင်းတုန်းက ကျန်းမာရေး အခြေအနေ ဆိုးရွားခဲ့တာပါ။ သရုပ်ဆောင် ခင်သဇင်က ကစ်ကစ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အနီးကပ် စောင့်ရှောက်ပေးပြီး တာဝန်ယူပေးနေတာ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာတော့ သရုပ်ဆောင် ကစ်ကစ်ဟာ အသက် ၄၈ နှစ် ရှိနေပါပြီ။