ကျောက်ကပ်ရောဂါ ဝေဒနာ ခံစားနေရတဲ့ ဟာသ သရုပ်ဆောင် ကစ်ကစ်ဟာ ယနေ့၊ နိုဝင်ဘာလ ၂၆ ရက်နေ့၊ မနက် ၁၀ နာရီ ၄၀ မိနစ်အချိန်၊ ရန်ကုန်မြို့၊ ကုတင် ၅၀၀ ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပြီး ကစ်ကစ်ကို ကူညီစောင့်ရှောက်ပေးနေသူတဦးဖြစ်တဲ့ မနွယ်နွယ်က ဘဝဆက်တိုင်း ဒီလိုတွေ မဖြစ်ပါစေနဲ့၊ အမြဲဆုတောင်းပေးတယ်လို့ ဆိုပါတယ်။
“မကစ်က ကျောက်ကပ်ဆေးဖို့ လုပ်နေရင်းနဲ့ မျောပြီး သတိလစ်သွားတာ။ ဆရာဝန်တွေကလည်း ဂရုစိုက်ပေးကြပါတယ်။ အသက်ထွက်တာတော့ ညင်သာပါတယ်။ ကျမကို ကျောက်ကပ် ဆေးခါနီးတုန်းက ရယ်ပြတာလေးပဲ ရှိတယ်။ စကားတွေက ပြောနေပေမယ့် အောက်ဆီဂျင် ရှူနေတော့ မကြားရဘူး။ အနားမှာ သူ့သမီးရယ်၊ ကျမတို့ကတော့ ရှိနေတာပေါ့”
“ဆရာဝန်တွေကတော့ စိုးရိမ်ရတယ်တော့ ပြောထားတယ်။ မကစ်အတွက်တော့ အခုတော့ ရင်ထဲမှာ မခံစားနိုင်ဘူး။ သူ့ကို ကျမပဲ စောင့်ရှောက်နေတာဆိုတော့ အရမ်းဝမ်းနည်းရတယ်။ မကစ် ကောင်းရာ မွန်ရာ ရောက်ပါစေ၊ ဘဝဆက်တိုင်း ဒီလိုတွေ မဖြစ်ပါစေနဲ့လို့ အမြဲဆုတောင်းပါတယ်”လို့ ကစ်ကစ်ကို အနီးကပ် ပြုစု စောင့်ရှောက်နေသူ မနွယ်နွယ်က ပြောပါတယ်။
သရုပ်ဆောင် ကစ်ကစ် အဆင်မပြေချိန်ကတည်းက ကူညီပေးလာတဲ့ တေးရေး မင်းကိုကလည်း ကစ်ကစ် တောင်းဆိုထားတာ တခု ရှိတယ်လို့ ဆိုပါတယ်။
“ကျနော် တနေ့က သူနဲ့ ဖုန်းရတယ်။ မောင်လေး အစ်မ တော်တော်လေး ခံစားနေရတယ်တဲ့။ သူ ကျနော်ကို တောင်းဆိုတာ တခု ရှိတယ်။ ရှမ်းပြည်ဘက်က ဆရာတော်တပါးဆီကို လိုက်ပို့ခိုင်းတာ။ ဆရာတော်က အစွမ်းထက်တော့ အဲ့မှာ ကုပေးပါတဲ့။ ကျနော်က ကုပေးချင်ပေမယ့် လမ်းမှာ တခုခုဖြစ်သွားမှာစိုးလို့ ဒီမှာပဲ ကုခိုင်းတာပေါ့”
“တနေ့က ကျနော်တို့ ပင်လုံဆေးရုံမှာ ကျောက်ကပ် ဆေးတယ်။ ဆေးမယ်ဆိုတော့ သူက သွေးပေါင်တွေ ကျနေတာနဲ့ ဆေးရုံက လက်မခံတော့ ကုတင် ၅၀၀ ကို ရောက်လာတယ်။ ဆရာဝန်တွေက အားဆေးတွေ လုပ်ပေးတော့ ကျောက်ကပ် ဆေးလို့ ရသွားတယ်။ မနေ့ကထိ အဆက်အသွယ် ရတယ်။ ဒီနေ့ မနက် ကျောက်ကပ်ဆေးနေရင်းကနေ မရတော့ဘူးပေါ့”
“ကျနော်ကလည်း ဆလုံဘက်ကို ဆေးပစ္စည်းတွေ ပို့ဖို့ အဝေးပြေးကားကွင်းကို သွားရင်းနဲ့ လမ်းမှာ အခြေအနေ မကောင်းဘူးဆိုတာနဲ့ ဆေးရုံလာတာ ဒီရောက်တော့ အသက် မမီဘူး။ သူက အရမ်းစိတ်ညစ်လို့ အသက်မရှင်ချင်တော့ဘူး ဆိုပြီးတော့ စာပို့တာတွေ၊ ရင်ဖွင့်တာတွေ ရှိတယ်။ ကျနော်တို့တွေက အတတ်နိုင်ဆုံးကုပေးမယ် စိတ်မပူနဲ့လို့ ပြောထားတာတွေ ရှိတယ်”
“ကျနော်ကလည်း အရင်ကသာ ဆေးရုံကို အသက်မီအောင် ပို့ပေးခဲ့တယ် ဆိုပေမယ့် နောက်ပိုင်း ကျနော် အရမ်း ဒုက္ခရောက်တဲ့ စစ်မြေပြင်တွေကို အခမဲ့ ဆေးလိုက်ကုပေးနေတော့ မကစ်ဆီ သိပ်မရောက်ဖြစ်ဘူး။ မကစ်ကို ရေဝေး အအေးခန်းမှာ ၃ ရက်ထားပြီး သင်္ဂြိုလ်မယ် ”လို့ တေးရေး မင်းကိုက ပြောပါတယ်။
ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားပေါင်းများစွာမှာ ဟာသ ဇာတ်ရုပ်များ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ဟာသ သရုပ်ဆောင် ကစ်ကစ်ဟာ ကွယ်လွန်ချိန်မှာတော့ အသက် ၄၈ နှစ် အရွယ် ရှိပြီဖြစ်ပြီး သမီး ကျန်ရစ်ခဲ့ပါတယ်။
You may also like these stories:
ကျန်းမာရေးနဲ့ သင့်တော်ပေမယ့် ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ အစားအစာများ
ဟာသ သရုပ်ဆောင် ကစ်ကစ်ရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေကို ပြောပြတဲ့ ခင်သဇင်
သရုပ်ဆောင် ကစ်ကစ်အတွက် ကျောက်ကပ် လှူဒါန်းမယ့်သူ အယောက် ၂၀ ခန့်ရှိနေ