Master Chef Myanmar Season 2 ရဲ့ 1st Runner Up ပြိုင်ပွဲဝင် တဦးဖြစ်တဲ့ နေအောင်ကတော့ ပြိုင်ပွဲကို ဝင်ပြိုင်နိုင်ဖို့အတွက် အလုပ်ကနေ လစာမဲ့ဖြင့် ထွက်ကာ ဝင်ပြိုင်ခဲ့တာလို့ ဧရာဝတီကို ပြောပါတယ်။
“Master Chef ကလည်း အရမ်းကြီးမြန်တယ်။ ဒီနေ့ အင်တာဗျူးတယ်။ သန်ဘက်ခါ လာရမယ်ဆိုတော့ ကျနော့်မှာ တိုင်ပတ်၊ အလုပ်ကလည်း အနည်းဆုံး တပတ်လေ။ သူက ၁၅ ရက် တင်ရတော့ အလုပ်က လစာ မယူဘဲနဲ့တောင် ထွက်ပြီး ဝင်ပြိုင်ခဲ့ရတယ်။ တန်လားဆိုရင် တန်ပါတယ်။ သင်ခန်းစာတွေ အများကြီးရတယ်”
“စိတ်ဓာတ်ပိုင်းဆိုင်ရာ သင်ခန်းစာတွေရော၊ အတွေ့အကြုံပိုင်းဆိုင်ရာတွေ၊ ပညာရပ်ပိုင်းဆိုင်ရာတွေ၊ ပတ်ဝန်းကျင်ဆိုင်ရာတွေရော သင်ခန်းစာ အများကြီးရတဲ့အတွက် နောက်ပြီး အားပေးတဲ့သူတွေ၊ ချစ်ခင်တဲ့သူတွေ၊ မုန်းတဲ့သူတွေ တွေ့လာရတဲ့အတွက် တန်ပါတယ်”လို့ နေအောင်က ပြောပါတယ်။
ပရော်ဖက်ရှင်နယ် အလုပ်တခုအနေနဲ့ ရွေးချယ်ထားတဲ့အတွက် လေ့လာစရာတွေလည်း မကုန်နိုင်ဘဲ ယုံကြည်မှုအပြည့်နဲ့ ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
“ဒီ Chef Life ကတော့ လေ့လာစရာတွေ မကုန်နိုင်ဘူး။ အများကြီးပဲ။ လုံးဝ လုံးဝ ကုန်မသွားတဲ့အရာ၊ အသစ်အဆန်းတွေက အမြဲတမ်း ထွင်နေရတာ။ ဒီလမ်းကို လျှောက်ခဲ့တဲ့အတွက် ပျော်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတယ်။ အဲ့အတွက် ပိုပြီးတော့လည်း ကြိုးစားသွားမယ်။ လေ့လာသွားမယ်။ ယုံကြည်မှုတော့ အပြည့်ရှိတယ်။ နောင်တတော့ ရမှာ မဟုတ်ဘူး” လို့ နေအောင်က ပြောပါတယ်။
မိဘတွေအနေနဲ့လည်း ပံ့ပိုးမှု မပေးနိုင်ခဲ့တာကြောင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်လာခဲ့ရပြီး အားပေးမှုတော့ ရရှိခဲ့တယ်လို့ သိရပါတယ်။
“ကျနော့် မိဘတွေကကျတော့ ဆင်းရဲတယ်။ ရွှေဘို နယ်ဘက်ကပဲ။ ဘာပံ့ပိုးမှုမှတော့ မရှိခဲ့ဘူး။ အရင်တုန်းကလည်း နည်းခဲ့တယ်။ ကျနော့် ခြေထောက်ပေါ် ကျနော် ရပ်တည်လာတယ်။ ကျနော် မန္တလေးမှာ အရင်ဆုံးနေတယ်။ မန္တလေးကနေ ၂၀၁၅ မှာ တက်လာတယ်”
“ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီးတော့ သင်တန်းတက်စရာတွေကိုလည်း အလုပ်လုပ်ပြီး ရင်းနှီးပြီးတော့ တက်လာတယ်။ ပညာသင်စရာရှိတာတွေကိုလည်း ကိုယ့်ဘာသာ သင်လာတယ်။ ဒီ Master Chef ကိုလည်း အားပေးမှုတော့ ရှိတယ်။ အထောက်အပံ့တော့ မရှိဘူး”လို့ နေအောင်က ပြောပါတယ်။
ဟင်းချက်ဝါသနာကိုတော့ အသက် ၁၇ နှစ်အရွယ်မှ စတင်ကာ ဝါသနာပါခဲ့တာဖြစ်ပြီး တခြားဝါသနာများကြားထဲမှ ဟင်းချက်တဲ့အလုပ်ကို ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။
“ဟင်းချက်တာ ဝါသနာပါတာကတော့ ကျနော် ၁၇ နှစ်အရွယ်လောက်က ဖြစ်မယ်။ ၁၄ နှစ် အဲဒီကြားမှာ။ မှတ်မှတ်ရရ ၁၄ နှစ်မှာ ကျနော် အဆောင်မှာ ယံယံ ခေါက်ဆွဲထုပ်ကို သူများနဲ့ မတူဘဲနဲ့ လျှောက်လုပ်စားကြည့်တာ အသီးအနှံတွေ ထည့်ပြီးတော့ ချက်စားရင်းနဲ့ ကြိုက်လာတယ်”
“ ပြီးတော့ သူငယ်ချင်းတွေကို ခေါ်ပြီးတော့ ကျွေးတယ်။ မန္တလေးမှာ ဓာတ်ပုံ ကင်မရာလည်း လုပ်လိုက်သေးတယ်။ အဲ့အချိန်မှာ ပြန်စဉ်းစားလိုက်တယ်။ ငါဘာကို ဝါသနာပါတာလဲ၊ ဓာတ်ပုံလည်း ဝါသနာပါတော့ ငါ အစားအသောက်လည်း ဝါသနာပါတယ်၊ သီချင်းဆိုတာလည်း ဝါသနာပါတယ်ဆိုတော့ အဲ့ထဲမှာမှ ဘဝတခုကို ပြောင်းလဲနိုင်တာဘာလဲဆိုတော့ အစားအသောက်။ ကမ္ဘာကြီးပျက်စီးသွားရင်တောင် အစားအသောက်က အရင် စရမှာဆိုတော့ ဘယ်အခြေအနေပဲ ရောက်ရောက် အစားအသောက်က အရင်စရမှာဆိုတော့ ကျနော်လည်း အစားအသောက်ကို ချစ်တယ်။ လုပ်ရတာ ပီတိဖြစ်တယ်” လို့ နေအောင်က ပြောပါတယ်။
Master Chef ပြိုင်ပွဲမှာတော့ Winner ဆုနဲ့ လွဲချော်ခဲ့ပေမယ့် ပညာတွေ အများကြီးရခဲ့ပြီး မိခင်ဖြစ်သူကလည်း ဂုဏ်ယူနေတယ်လို့ ဆိုပါတယ်။
“အမေက ဖိုင်နယ်နေ့ကတောင် ဖုန်းဆက်သေးတယ်။ ငါ့သားရယ်တဲ့ Winner ကြီးလည်း အမေ မမက်ပါဘူးတဲ့။ ဒါပေမယ့် အမေတို့ ကျေနပ်တယ်တဲ့။ ငါ့သား စိတ်ဓာတ်လေးက အကုန်ပေါ်လွင်နေတယ်တဲ့။ လူတယောက်က ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ဗီဇဆိုတာ ရှိပြီးသားတဲ့။ သားရဲ့ဗီဇလည်း အမေတို့ တွေ့ရတယ်တဲ့။ နောက်ပြီးတော့ အမေတို့ ဝမ်းမနည်းဘူး၊ ဂုဏ်ယူတယ်ဆိုပြီး ပြောတယ်”လို့ နေအောင်ကပြောပါတယ်။
လက်ရှိမှာလည်း နေအောင်က “အခုလက်ရှိ ဘယ်လိုမျိုး ရပ်တည်နေလဲဆိုတော့ အရင်ကအလုပ်လုပ်တယ်။ အခုလက်ရှိတော့ အလုပ်တော့ နားထားတယ်။ ရန်ကုန်မှာ အခန်းငှားပြီးတော့ နေနေတယ်။ အဲ့အခန်းမှာပဲ စတူဒီယိုလုပ်ဖို့အတွက် နေနေတယ်” လို့ ပြောပါတယ်။
နေအောင်ကတော့ ဆက်လက်ပြီးတော့လည်း သူတတ်ကျွမ်းတဲ့ ဟင်းချက်ပညာနဲ့ ချက်ပြုတ်ကာ တပတ်ကို တခု ချက်ပြုတ်ပြသွားမှာဖြစ်ပြီး ကိုယ်ပိုင်ဆိုင် ဖွင့်နိုင်အောင်လည်း ကြိုးစားသွားမယ်လို့ သိရပါတယ်။
You may also like these stories:
ကိုယ်ပိုင်ဆိုင်ပိတ်ပြီး Master Chef Myanmar ပြိုင်ပွဲဝင်ခဲ့တဲ့ ကိုအောင်ဝေဖြိုး
“အဖေ့ကို မြင်စေချင်တယ်”လို့ Master Chef Myanmar ရဲ့ Season 2 Winner အာကာ ပြော
Master Chef Myanmar Winner ဆုရှင် မတင်တင်ဦး ရောင်းတဲ့ “Winner ဆားဘဲဥ အာလူးကြော်”