အက်ရှင်ကားတွေမှာ သရုပ်ဆောင်ဖို့ Tom Cruise ဟာ အသက်ကြီးနေပြီလို့ ‘Jack Reacher’ စာရေးသူဆို
နာမည်ကျော် စာရေးဆရာ Lee Child ကတော့ သူဖန်တီးထားတဲ့ Jack Reacher ဇာတ်ကောင်အတွက် မင်းသား Tom Cruise ဟာ လိုက်ဖက်မှုမရှိတော့လို့ ထင်မြင်နေပါတယ်။
The Sunday Times သတင်းစာ နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ ဝတ္ထုရေးသူ Lee က မင်းသားရဲ့ အက်ရှင်ဇာတ်ကားတွေ ရိုက်ကူးတဲ့ နေ့ရက်တွေဟာ ခန့်မှန်းထားတာထက် မြန်မြန်အဆုံးသတ်သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။
မင်းသား Cruise နဲ့ ပတ်သက်လို့ စာရေးဆရာ Lee က “အထက်စီးကနေ ပြောတဲ့ပုံစံမျိုးတော့ ဖြစ်ပါမယ်။ ဒါပေမယ့် အဲ့ဒါကတော့ သူ့အတွက် ကောင်းတယ်လို့ ထင်ပါတယ်။ ဒီအက်ရှင်အခန်းအတွက် သူဟာ အသက်ကြီးလွန်းနေပါပြီ။ သူက အသက် ၅၇ နှစ်ပါ။ သူဟာ ဇာတ်ကောင်မင်းသားဖြစ်ဖို့အတွက် လှုပ်ရှား ပြောင်းလဲမှုတွေ လုပ်ဖို့ လိုနေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် မင်းသား Cruise ကတော့ သူအားရှိသရွေ့ အက်ရှင်ဇာတ်ကားတွေကို လက်လွှတ်ဖို့ ရည်ရွယ်ချက် မရှိသေးတဲ့ပုံပေါ်နေပါတယ်။
စာရေးသူ Lee က “Cruise က တွန့်ဆုတ်နေပါတယ်။ သူဟာအဲ့ဒီ အထဲမှာ ကိုယ်ပိုင် ရင်းနှီးမြှပ်နှံမှုတွေ လုပ်ခဲ့တာပါ။ အဲ့ဒါကို ဆန့်ကျင်ဖို့တော့ သူ့စောဒကတက်မှာပါ။ သူဟာ နောက်ထပ် နှစ် ၂၀ လောက်လုပ်လို့ရနိုင်ပါသေးတယ်။ သူ့မှာ အရည်အချင်းရှိပါတယ်။ တော်တော်လေးကို ခံနိုင်ရည်ရှိတယ်၊ စဉ်းစားဉာဏ်ရှိတယ်၊ ပျော်ပျော်နေတတ်တဲ့သူပါ” လို့ဆိုပါတယ်။
ဝတ္ထုထဲက ဇာတ်ကောင်ကို “Jack Reacher” ရုပ်ရှင်တွေမှာ ပြန်လည် အသက်သွင်းတဲ့အခါ မင်းသား Cruise ဟာ ခန္ဓာကိုယ်သေးငယ်တာကြောင့် ဇာတ်ရုပ်နဲ့ လိုက်ဖက်မှုမရှိဘူးလို့ဆိုတဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ ပတ်သက်လို့ စာရေးဆရာ Lee က ပြောခဲ့ပါတယ်။
သူက “အရည်အချင်းတွေအားလုံးရှိတဲ့ Cruise မှာ အဲ့ဒီ ရုပ်ပိုင်းဆိုင်ရာအချက်တော့ မရှိပါဘူး။ Cruise နဲ့အလုပ် အတူတွဲလုပ်ရတာ တကယ့်ကိုပဲ ပျော်ရွှင်ရပါတယ်။ သူဟာ တကယ့်ကိုပဲ သဘောကောင်းတဲ့သူပါ။ ကျနော်တို့ တော်တော်လေး ပျော်ခဲ့ရပါတယ်” လို့ ဆိုပါတယ်။
ပြီးတော့ စာရေးဆရာက “ဒါပေမယ့်လည်း စာဖတ်သူတွေဘက်ကလည်း မှန်ပါတယ်။ Reacher ရဲ့ အရွယ်အစားက တကယ့်ကိုပဲ အရေးကြီးပါတယ်။ သူဘယ်သူလဲဆိုတာ ကြီးမားတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်” လို့ဆိုပါတယ်။
ဒါ့အပြင် တကယ့်မူရင်းဇာတ်ကောင်နဲ့ ထပ်တူကျမယ့် ဇာတ်ကောင်ကို မကြာမီတင်ဆက်တော့ မယ့် “Jack Reacher” ရုပ်သံစီးရီးမှာ မြင်တွေ့ဖို့ အခွင့်အရေးရှိလိမ့်မယ်လို့လည်း ဆိုပါတယ်။ ရုပ်သံစီးရီးအတွက် မှန်ကန်တဲ့ သရုပ်ဆောင်ရရှိဖို့ မင်းသား Cruise က ကူညီပေးခဲ့ပြီး ပြီးပြည့်စုံတဲ့ သရုပ်ဆောင်ကောင်း ရရှိဖို့ ကြိုးစားရှာဖွေမယ်လို့ ဆိုပါတယ်။
မင်းသား Cruise ပါဝင်ထားတဲ့ “Top Gun: Maverick” အက်ရှင်ရုပ်ရှင်ကို လာမယ့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်နေ့မှာ ပြသတော့မှာပဲ ဖြစ်ပါတယ်။
Ref: etcanada
ဆက်စပ်ဖတ်ရှုရန်
ပုလင်းအဖုံးဖွင့်တဲ့ Challenge လုပ်ဖို့ မင်းသား Tom Cruise ကို စိန်ခေါ်လိုက်တဲ့ Justin Bieber
မင်းသား Tom Cruise ရဲ့ စတန့်ပြကွက် လျှို့ဝှက်ချက်တွေကို ပြောပြခဲ့တဲ့ Matt Damon
“Mission: Impossible 7” ရုပ်ရှင်မှာ ထပ်မံပါဝင်လာဖွယ် ရှိတဲ့ မင်းသား Henry Cavill