အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)ရဲ့ ခေါင်းဆောင်တွေဟာ 5G နည်းပညာသုံး ပုံရိပ်ယောင် Kpop ဖျော်ဖြေပွဲကြောင့် အံ့သြသင့်ခဲ့ကြရတယ်လို့ တောင်ကိုရီးယားသမ္မတရုံးက နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
အိမ်ပြာတော် ပြည်သူ့ဆက်ဆံရေးရာ အကြီးတန်းလက်ထောက် ယွန်ဒိုဟန်ရဲ့ အဆိုအရ နိုင်ငံအရှေ့တောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဘူဆန်မှာ နိုဝင်ဘာလ ၂၅ ရက်နေ့အတွင်း ပြုလုပ်ခဲ့တဲ့ ထိပ်သီးအစည်းအဝေး အစားအသောက် သုံးဆောင်ချိန်မှာ အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေဟာ ကြီးမားတဲ့ ဖန်သားပြင်ပေါ်မှာ မြင်တွေ့ရတဲ့ Kpop တင်ဆက်မှုကြောင့် အံ့သြသင့်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
Kpop အဆိုတော် HyunA နဲ့ ဒစ်ဂျစ်တယ် ဇာတ်ကောင်တွေဟာ 5G နည်းပညာ၊ လှုပ်ရှားမှု အသိအမှတ်ပြု အာရုံခံ ကိရိယာတွေကို အသုံးပြုထားတဲ့ ဖျော်ဖြေပွဲတခုမှာ ကပြခဲ့တာ ဖြစ်ပါတယ်။
အကြီးတန်းလက်ထောက် ယွန်းက “အာဆီယံခေါင်းဆောင်တွေဟာ ရုပ်ရှင်ပုံစံ ပုံရိပ်ယောင်ကို ကြီးမားတဲ့ ဖန်သားပြင် ပေါ်မှာ ကြည့်ပြီး အံ့သြသင့်ခဲ့ကြရပါတယ်” လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
ထိပ်တန်းမိုဘိုင်းကုမ္ပဏီ SK Telecom ကနေ စီစဉ်တဲ့ အဲ့ဒီတင်ဆက်မှုဟာ အာဆီယံနိုင်ငံတွေမှာ နာမည်ကျော်ကြားနေတဲ့ Kpop နဲ့ 5G နည်းပညာကို ပေါင်းစပ်ပြီး တောင်ကိုရီးယားရဲ့ ခွန်အားကို ပြသဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
ရှေးဟောင်းရှီလာခေတ်က “Bell of King Seongdeok” လို့ခေါ်တဲ့ ကြေးခေါင်းလောင်းကြီးရဲ့ သုံးဖက်မြင်ပုံရိပ် ကလည်း ပွဲတက်လာကြသူတွေကို ဆွဲဆောင်ခဲ့ပါတယ်။ အဲ့ဒီခေါင်းလောင်းကြီးရဲ့ ပုံရိပ်ကို သမ္မတ မွန်းဂျယ်အင်းနဲ့ သမ္မတကတော် ကင်ဂျောင်ဆော့တို့က ဧည့်သည်တော်တွေကို ကြိုဆိုနှုတ်ဆက်တဲ့ ဝင်ပေါက်မှာ ထားရှိထားပါတယ်။ အဲ့ဒီအခမ်းအနားကို ခေါင်းဆောင်တဦးရောက်ရှိလာတိုင်း ခေါင်းလောင်း တချက်ထိုးတဲ့ပုံစံကို ဖန်တီးထားပါတယ်။
အဲ့ဒီထိပ်သီးဆွေးနွေးပွဲရဲ့ ယဉ်ကျေးမှုဆိုင်ရာအခမ်းအနားတွေကို တာဝန်ယူထားရသူ ထက်ယောင်မင်းက “Bell of King Seongdeok ခေါင်းလောင်းကြီးဟာ ငြိမ်းချမ်းတဲ့ တိုင်းပြည်တခုဆိုတာကို အဓိပ္ပါယ်ဆောင်ပါတယ်။ ရှီလာခေတ်အတွင်းမှာ အလှပဆုံးအနုပညာလက်ရာဖြစ်တဲ့ ခေါင်းလောင်းကြီးရဲ့ သုံးဖက်မြင်ပုံစံကို ပုံဖော်ဖို့ ကျနော်တို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ ဆိုပါတယ်။
အာဆီယံနိုင်ငံတွေနဲ့ တောင်ကိုရီးယားနိုင်ငံတို့ကြား အထူးထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပနေတဲ့ ဘူုဆန်မြို့ကတော့ ယခင်က ရှီလာနိုင်ငံတော် အစိတ်အပိုင်းထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
Ref:yonhap
You may also like these stories:
ကမ္ဘာ့အကြီးဆုံး 5G မိုဘိုင်းကွန်ရက်ကို တရုတ်မှာ စတင် လွှင့်တင်
ကိုရီးယား အဆိုတော်အဖွဲ့တဖွဲ့ဖြစ်တဲ့ BTS ကို ဒါရိုက်တာတဦး ဝေဖန်တိုက်ခိုက်