“ဥပါဒါန်” ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်အားပေးမှုရရှိခဲ့တဲ့ သရုပ်ဆောင်ခိုင်ထူးသာကတော့ ဘာသာရေးရုပ်ရှင်ဇာတ်ကား ၃ကားရိုက်ကူးပြီးနောက် ဆက်ရိုက်ဖို့မရှိတော့ဘူးလို့ ပြောပါတယ်။
“ဘာသာရေးကားတော့ ဆက်ရိုက်ဖို့မရှိတော့ဘူး။ ၃ကားရိုက်ပြီးတော့ Pay Par View တို့ဘာတို့က ကျနော့်ကို လာငှားတာတော့ရှိတယ်။ ဒါပေမယ့်ကျနော် ဆက်မရိုက်တော့ဘူး။ ရိုက်မယ်ဆိုရင်က တခြားတယောက်ကိုရိုက်ဖို့အတွက် တာဝန်ပြန်လွှဲပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ရိုက်မယ့်ကားက ဆံပင်နဲ့ရိုက်ရမှာဆိုတော့လေ။ မရိုက်ချင်လို့တော့ မဟုတ်ဘူးပေါ့” လို့ခိုင်ထူးသာကပြောပါတယ်။
ဆရာဝန်တယောက်ဖြစ်တာကြောင့် ဆရာဝန်ဇာတ်ရုပ်ကိုလည်း ရိုက်ကူးဖို့ရှိပြီး ဆရာဝန်ဇာတ်ရုပ်ကိုပဲ ရသမျိုးစုံပေါင်းကာ လုပ်ပြသွားမယ်လို့ ဆိုပါတယ်။
“တခြားဇာတ်ရုပ်ပြောင်းလဲဖို့ရှိတယ်။ သေချာပြောပြလို့မရသေးလို့ ကျနော်ကဆရာဝန်ဖြစ်တဲ့အတွက်ကြောင့် ဆရာဝန် ကာရိုက်တာတော့ ချပြသွားမယ်။ ဒုတိယအဆင့်အနေနဲ့ ဆရာဝန်ဇာတ်ရုပ်ကို ရသမျိုးစုံပေါင်းပြီးတော့ လုပ်ပြသွားမယ်။ အခုတော့ ပြောပြလို့မရသေးလို့” လို့ ခိုင်ထူးသာကပြောပါတယ်။
မကြာခင်မှာလည်း သူ့ရဲ့ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားအဖြစ် ရုံတင်ပြသမယ့် “ရှင်ဥပဂုတ္တ” ရဟန္တာမထေရ်မြတ်ကြီး မှာတော့ ရဟန္တာတယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။
ဒီဇာတ်ရုပ်အတွက် ပြင်ဆင်ခဲ့ပုံကိုလည်း “ဒီနေရာကို ရိုက်လိုက်တော့လို့ပြောလိုက်တဲ့အချိန်မှာ ကျနော့်စိတ်ထဲမှာ ရဟန်းတယောက်အနေနဲ့ ဘယ်လိုစိတ်မျိုးလုပ်ရမယ် ဘယ်လိုလေ့ကျင့်ရမယ်ဆိုတာ အရှေ့ဇာတ်ကားမှာလည်း အတွေ့အကြုံရှိပြီးသားဆိုတော့ စပြီးပြင်ဆင်ရတော့တာပဲ”
“ ပထမဆုံးပြင်ဆင်ရတာတော့ အလုပ်ထွက်ရတာပဲ။ နံပါတ် ၂အနေနဲ့ ဘုန်းကြီးဝတ်ဖို့ကို ပြင်ဆင်ရတယ်။ ဘယ်အချိန်မှာ ဝတ်နိုင်မလဲ ဘုန်းကြီးမဝတ်ခင်မှာ ဇာတ်ညွှန်းကိစ္စအတွက် ချိန်းတာတွေကို သွားနိုင်ဖို့ အသေးစိတ်ပြင်ဆင်ရတယ်။ ဝတ်စုံကတော့ ကျနော့်အတွက် သင်္ကန်းတစုံပဲရှိတဲ့အတွက်ကြောင့် အထွေအထူးမလိုဘူး”
“ ရိုက်ကွင်းကိုလည်း ကျနော်ကအသစ်တယောက်ဖြစ်တဲ့အတွက် မစိမ်းအောင်လိုက်ကြည့်ချင်တယ်။ အဲ့လိုရိုက်ကွင်း တခုလုံးကလူတွေနဲ့ ရင်းနှီးအောင်လုပ်ပြီးတော့မှ ဘုန်းကြီးသွားဝတ်တယ်။ ဘုန်းကြီးဝတ်ကနေ လူဝတ်လဲပြီးတော့မှ သင်္ကန်းရုံပြီးပြန်ရိုက်လိုက်တာ” လို့ ပြောပါတယ်။
ရဟန္တာဇာတ်ရုပ်အတွက် ကားမရိုက်ခင် ဘုန်းကြီးဝတ်ခဲ့ပြီး ရိုက်ကူးနေစဉ်မှာလည်း စိတ်ကိုတည်ငြိမ်အောင် ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။
“အခက်အခဲကတော့ ရိုက်ကွင်းပေါ်မှာ ကျနော်ကလူငယ်ဖြစ်တာကြောင့် ကျနော်နဲ့သက်တူရွယ်တူတွေနဲ့ဆိုရင် စကားပြောမိတယ်။ စိတ်ကတချက်တချက် လွတ်သွားတယ်။ အဲ့လိုအခက်အခဲတော့ရှိတယ်။ အဲ့လိုတွေဖြစ်နေရင် ဒါရိုက်တာဝါဝါဝင်းရွှေကသိတယ်”
“ အနားကိုလာခဲ့ ကလေးကိုသင်္ကန်းရုံပေးလိုက်တော့ဆိုပြီး ဘာစကားမှမပြောခိုင်းတော့ဘူး။ အကျယ်ချုပ်ကျသွားတယ်။ အဲ့လိုအခက်အခဲတွေတော့ရှိတယ်” လို့ ခိုင်ထူးသာကပြောပါတယ်။
ခိုင်ထူးသာကတော့ ပြီးခဲ့တဲ့ အကယ်ဒမီဆုပေးပွဲမှာ ဆန်ခါတင်စာရင်းဝင်ရောက်ခဲ့တဲ့ “ဥပါဒါန်” ရုပ်ရှင်ဇာတ်ကားထဲ မှာလည်း အဓိကဇာတ်ကောင်တဦးအနေနဲ့ပါဝင်ခဲ့ပြီး ယခုအခါမှာ “ရှင်ဥပဂုတ္တ” ရဟန္တာမထေရ်မြတ်ကြီး ဇာတ်ကားနဲ့ ဒါရိုက်တာကျော်သူရိုက်ကူးတဲ့ “၁၀၁၄” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးထားပါတယ်။
You may also like these stories:
ဗုဒ္ဓဘာသာဝင်တွေ ကြည့်သင့်တဲ့ “ဥပါဒါန်” ရုပ်ရှင်
“ဥပါဒါန် ရုပ်ရှင်အတွက် အပြင်မှာ ရက်အတော်ကြာ ဘုန်းကြီးဝတ်ခဲ့တယ်”ဆိုတဲ့ ခိုင်ထူးသာ