ထိုင်ဝမ်မင်းသား Godfrey Gao ဟာ နိုဝင်ဘာလ ၂၇ ရက်နေ့ မနက်အစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ တရုတ်ကဏ္ဍစုံ အစီအစဉ် ရိုက်ကွင်းတခုမှာ မူးမေ့ လဲကျခဲ့ပြီးတဲ့နောက် ကွယ်လွန်ခဲ့တယ်လို့ သူ့ရဲ့ အေဂျင်စီ Jetstar က အတည်ပြုခဲ့ပါတယ်။
ကြေညာချက်ထဲမှာတော့ “သူ့ကိုကယ်တင်ဖို့ ၃ နာရီနီးပါးကြာ ကြိုးပမ်းခဲ့ရပြီးတဲ့နောက် Godfrey က ကျနော်တို့ကို ထားသွားခဲ့ပါပြီ။ အထိတ်တလန့်နဲ့ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ အခုထိ ကျနော်တို့ အဲ့ဒါကို လက်မခံနိုင်သေးပါဘူး” လို့ ဖော်ပြထားပါတယ်။
Jetstar အေဂျင်စီကတော့ မင်းသားရဲ့ မန်နေဂျာနဲ့ ဝန်ထမ်းတွေဟာ သူ့ဘေးနားမှာ ရှိနေခဲ့ပြီး သူ့ရဲ့ မိသားစုကလည်း လာတဲ့လမ်းမှာ ရောက်နေပြီလို့ ပြောဆိုထားပါတယ်။ မင်းသားဟာ ကွယ်လွန်ချိန်မှာ အသက် ၃၅ နှစ်ရှိနေပြီ ဖြစ်ပါတယ်။
အဲ့ဒီကဏ္ဍစုံ အစီအစဉ်မှာ ပါဝင်ခဲ့သူ တဦးရဲ့အဆိုအရ ထိုင်ဝမ်နွယ်ဖွား ကနေဒါ နိုင်ငံသား မင်းသား Godfrey ဟာ အသက်ကယ်လုပ်ဆောင်မှုတွေ အချည်းနှီး ဖြစ်ခဲ့ရပြီးတဲ့နောက် ဒေသစံတော်ချိန် နံနက် ၂ နာရီ ၁၇ မိနစ်ဝန်းကျင်လောက်မှာ ဆေးရုံကို ရောက်ရှိသွားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီရိုက်ကွင်းမှာ ရှိနေခဲ့တဲ့ တခြား နာမည်ကျော်တွေထဲမှာဆိုရင် ဟောင်ကောင် မင်းသား William Chan နဲ့ Fahrenheit အဖွဲ့ဝင် Calvin Chen တို့ ပါဝင်ကြပါတယ်။
ရိုက်ကွင်းမှာ မင်းသား လဲကျခဲ့ပြီးတဲ့နောက် နှလုံးဟာ ၃ မိနစ်လောက် ရပ်သွားခဲ့ပြီး သူ့အခြေအနေနဲ့ ပတ်သက်လို့ အားလုံး ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ မင်းသား Godfrey ဟာ Remembering Lichuan လိုမျိုး ရုပ်သံဒရာမာတွေမှာ ဆွဲဆောင်မှုရှိတဲ့ အဓိက မင်းသားအဖြစ် ပါဝင်ခဲ့ပြီးနောက် လူသိများ ထင်ရှားလာခဲ့တာဖြစ်ပြီး Louis Vuitton ရဲ့ ပထမဆုံး အာရှအမျိုးသား မော်ဒယ်လည်း ဖြစ်လာခဲ့ပါတယ်။
မင်းသားပါဝင် သရုပ်ဆောင်နေတဲ့ “Chase Me” ကဏ္ဍစုံ အစီအစဉ်ဟာ လူငယ်အားကစား ခုံမင်သူ၊ နာမည်ကျော်ကြားသူ တဦးချင်းကြား ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတွေကို ရိုက်ကူးထုတ်လွှင့်တာ ဖြစ်ပါတယ်။ အဲ့ဒီအစီအစဉ်ကို အခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ကမှ စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။
Ref:asiaone
ဆက်စပ်ဖတ်ရှုရန်
ဟောင်ကောင်ဆန္ဒပြပွဲ သတင်းကို Like ပေးမိတဲ့အတွက် အဆိုတော် Choi Siwon ပြန်တောင်းပန်
ရွှေမြင်းဆုပေးပွဲမှာ တရုတ် မပါဝင်လာခြင်းသည် ဆုံးရှုံးမှု ဖြစ်ကြောင်း ဒါရိုက်တာ အန်းလီ ဆို
မွမ်ဘိုင်းအကြမ်းဖက်ဖြစ်စဉ်မှ သူရဲကောင်းတွေကို ဂုဏ်ပြုခဲ့တဲ့ မင်းသားကြီး အမီတာဘဂျမ်း